အရည်းကြီးများ နှင့် ပတ်သက်သော အချက်များ ............(လင်းညို့တာရာ)
---------------------------------
[ မကြာသောခင်က အရည်းကြီးသာသနာ တစတစ်ခေတ်ထပြီလား ဘာညာတက်လာလို့ ဒီအကြောင်းကို ပြန်လည်ဖော်ပြပေးရတာပါ။ သမိုင်းအထောက်အထားတစ်ခုကို ဖော်ပြထားတာကြောင့် သေချာဖတ်ဖို့တော့ လိုပါတယ်။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ထုတ်ဖော်ချက်တွေကိုလည်း နားလည်စေချင်တာတစ်ကြောင်း ၊ အရည်းကြီးနဲ့ပတ်သက်ပြီး မှားယွင်းသော တဖက်သတ်ဆန်သောအရာများကို ခွဲခြားမြင်စေလိုခြင်းသည်လည်း တစ်ကြောင်းကြောင့် ဒီပိုစ့်အား လေ့လာပြီး ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ စာရေးသူ၏ ကြိုးစားအားထုတ်မှုကို အလေးထားသောအနေဖြင့် ကူးယူဖော်ပြပါကလည်း စာရေးသူနာမည်လေးအား ဖော်ပြပေးပါ။]
ပုဂံခေတ်က အလွန်တန်ခိုးကြီးခဲ့ကြသည့် လူနှင့်အတူ အပြုအမူအယူဝါဒရှိသော ရှင်ယောင်များကို အရည်းကြီးဟုခေါ်သည်။ အရည်းကြီးတို့သည် ယခုခေတ် ရဟန်းစစ်များကဲ့သို့ မဟုတ်ပဲ ရဟန်းတု၊ ရဟန်းယောင်၊ ဝိဇ္ဇာမယိဒ္ဓိ မှော်ဆရာတို့ပင် ဖြစ်ကြသည်။ အရည်းကြီးဟူသော ဝေါဟာရသည် အရိယဟူသော ပါဠိမှ လာသည်ဟု ယူဆရသည်။ အချို့က အရည တောဟူသော စကားမှ လာသည်ဟု ယူဆကြသည်။ အရည်းတို့သည် အရညဝါသီများမဟုတ်ကြပဲ မြို့ရွာ ဆင်ခြေဖုံးကျောင်းများတွင် နေကြ၏။ သို့ရာတွင် အချို့ပညာရှင်တို့က ပုဂံရာဇဝင်ဟောင်းနှင့် ရာဇဝံသဒီပက၌ အရဲဟူ၍ လာရှိသဖြင့် အထက်ပါအယူအဆများသည် ယုတ္တိမတန်ဟု ဆိုကြသည်။
ပုဏ္ဏောဝါဒသုတ်အရ ရှင်ပုဏ္ဏကအစပြု၍ သရေခေတ္တရာ၊ ယုန်လွှတ်ကျွန်း၊ ပုဂါရာမ၊ အရိမဒ္ဒနာ၊ သီရိပစ္စယာ၊ တမ္ပဝတီ မြို့တိုင် ထီးနန်းအဆက်ဆက် ဆင်းသက် စဉ်လာလိုက်နာခဲ့သော သာသနာတော်ထမ်း ရဟန်းသံဃာတော်တို့သည် တာရှည်ကာလ လိုက်နာရပုံ ကျင့်ဝတ်အရပ်ရပ် ကြပ်တည်းသိမ်မွေ့သည်ကို မလိုက်နာနိုင်ကြ။ တစ်စတစ်စ ချို့ယွင်းသဖြင့် အကျင့်ယုတ်၍ ဟုတ်မှန်သည်ကို မလိုက်နာနိုင်ပဲ ကွဲလွဲပျက်စီးကြသောကြောင့် တမ္ပဝတီမြို့ကို တည်ထောင်သော သစ်တိုင်မင်း လက်ထက်မှစ၍ ရဟန်းကောင်း ရဟန်းမြတ်တို့ အကျင့်ကွယ်ပျောက်ပြီးလျှင် ရှင်ယောင်အရည်းတို့၏ အယူအကျင့် ပွင့်လင်းစည်ကား တိုးပွား လာလေသည်။ ပုပ္ပါးတောင်၊ပုဂံမြို့ကြီးအနီး အရှေ့တောင်ယွန်းရှိ သမထီးအရပ်သည် အရည်းကြီးတို့၏ ဗဟိုအချက်အချာ ဒေသဖြစ်သည်။ သမထီးအရပ်ကို အချို့ ကျောက်စာများ၌ သစ်မတည်ဟု ရေးသည်။ အချို့ကမူ အရည်းကြီး သုံးကျိပ်တို့နေရာဖြစ်၍ သမ္မတိ ဟူသောသဒ္ဒါမှ သမ္မတီး၊ ထိုမှ သမထီးဟူသော အမည် ဖြစ်လာသည်ဟုပင် ယူဆကြသည်။
အရည်းကြီးတို့ဝါဒသည် သမထီးအရပ်မှ တဖြည်းဖြည်း လွှမ်းမိုးလာကာ သက္ကရာဇ် ၂၉၃ ခုနှစ်တွင် နန်းတက်သော စောရဟန်းဘွဲ့ခံ တောင်သူကြီးမင်း လက်ထက်တွင် အရည်းကြီးများအား ဘုရင်နှင့်တကွ တစ်ပြည်လုံး ကိုးကွယ်သည်အထိ တန်ခိုးကြီးလာကြသည်။ တောင်သူကြီးမင်းသည် ဘုရားတည်ရာ၌ပင် ပအရည်းရှင်ယောင်တို့နှင့် ဆွေးနွေးမေးမြန်းလျက် ပုထိုးကြီး၊ ပုထိုးငယ်စသော ဘုရားငါးဆူကို တည်ရာတွင် နတ်ရုပ်၊ ဘုရားရုပ်တစ်ခုမျှမထား၊ နံနက်ညဉ့် ထမင်းဟင်း အရက်များဖြင့် ပူဇော်၏။ အရည်းကြီးတို့၏ရုပ်ပုံများကို မင်းနန်သူ(ခေါ်)အနန္တသူရိယ တည်သော ဘုရားလိုဏ်မုခ်များ၌ ရေးခြယ်၍ ထားလေသည်။ ဘုရားသုံးဆူ၊ နန္ဒမညာဘုရား နံရံများတွင် ရုပ်ပုံများ၊ ကျောက်စာမှတ်တမ်းများနှင့် ရာဇဝင် မှတ်တမ်းရေးဆရာဟု ကျော်ကြားသော တိဗက်ရဟန်း တာရနာထ၏ ပုဂံအကြောင်းမှတ်တမ်းကို ထောက်ခံ၍ ပုဂံပြည်တွင် တန္တရဗုဒ္ဓဘာသာရှိနေကြောင်းသိရ၏။
အရည်းကြီးတို့သည် ရဟန်းတို့ကဲ့သို့ သင်္ကန်းဝါ ဝတ်ရုံခြင်းမပြုပဲ အပြာ၊ အနက်၊ အမည်း၊ အညိုစသော သင်္ကန်းများကို ဝတ်ရုံသုံးစွဲကြသည်။ ဆံပင်များမှာလည်း ရဟန်းများကဲ့သို့ ဦးပြည်းရိပ်သည်မဟုတ်၊ ဦးထုပ်ဆောင်း၍ ကောင်းစေရန် ဆံပင်များကို လက်လေးသစ် လက်တစ်ဝါးထားကြသည်။ နှုတ်ခမ်းမွေး မုတ်ဆိတ် မွေးလည်း အရှည်ထားကြသည်။ ဦးထုပ်များလည်း ဆောင်းကြသည်။ ထို့ကြောင့် စလေဦးပုညက -
ရှေးအတီတေ၊ ပုဂံပြည်တွင်၊
ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗလပြစ်၊
မဲညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊
ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီးဟု အရည်ကြီးတို့ အကြောင်း လင်္ကာစပ်ထားခြင်း ဖြစ်သည်။
အပြုအမူအားဖြင့်လည်း အရည်းတို့သည် ရဟန်းခံခြင်း၊ သိမ်ဝင်ခြင်း၊ ကမ္မဝါဖတ်ခြင်းများကို ပယ်ရှား၍ စစ်သားများကဲ့သို့ ဆင်စီးသည်၊ မြင်းစီးသည်၊ ကိုယ်တိုင်လက်ပွေ့သတ်သည်၊ လက်ပွေ့သတ်ရန် ချိန်းချက် ပြီးနောက် ချိန်းသောနေ့ရက်တွင် ပျက်ကွက်သည်ကို အစွဲပြု၍ မလုံးဖြစ်ဘုရား၊ မလာ ဖြစ်ဘုရားဟု တည်ခဲ့သည်ဖြစ်ရာ တမ္ပဝတီနယ်တွင် ထိုဘုရားများ ယခုတိုင် ထင်ရှားရှိသေးသည်။ အရည်းများသည် ဆေးလည်း ကုကြသည်။ နွားမများများ မွေးထား၍ နွားများကို ရောင်းစားသည်။ အခြားသူများနှင့် အရည်းများ ရန်ဖြစ်လျှင် အပေါင်းအသင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရည်းများဘက်က တစ်ဖက်သတ်ဝင်၍ ကူညီသည်။ အရည်းတို့အယူကား ဘုရားရှင် ဟောတော်မူသော တရားတော်ကိုပယ်၍ မိမိတို့အယူဖြင့် အသီးအသီး ယူကြကုန်၏။ မိမိဆန္ဒနှင့်လျော်စွာကျမ်းဂန်ပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏။ ထိုသူတို့ ဟောသော တရားကား သူ့အသက်ကို သတ်မိသောသူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိမိကိုသတ်မိ သောသူသည် မည်သည့်ပရိတ်ကိုရွတ်သော် ထိုအပြစ်မှ ကင်းငြိမ်းပျောက်လွင့်သည်။ မည်သည့် မကောင်းမှုကို ပြုသော်လည်း ပြုမိသမျှကို ပြန်ပြော၍ အရည်းတို့ထံ တောင်းပန်ရသည်။ အရည်းတို့က ခွင့်ပြုလျှင် ငရဲမှ လွတ်၍ နတ်ပြည်သို့ ရောက်နိုင်သည်။ မင်းအစရှိသော အမှူး၊ အမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ်၊ ပြည်သူတို့ သားသမီးကို ထိမ်းမြားမင်္ဂလာ ပြုအံ့သောအခါ ဆရာအား ပန်းဦးလွှတ်သည် ဟူ၍ ညဉ့်ဦးက ထိုသူတို့ထံ ပို့ရသည်။ မိုးသောက်၍ လွှတ်လိုက်မှ ထိမ်းမြားရသောဟူ၏။ ဆရာသို့ ပန်းဦးမလွှတ်ပဲ ထိမ်းမြားမိ ချေသော် အစဉ်ကို ဖျက်သည်ဟု ကြီးစွာသော မင်းပြစ်ကို ခံရသောဟူ၏။
အရည်းကြီးတို့ ဟောပြောပုံကိုလည်း စာပေများတွင် ရေးသားထားသည်။ ထိုစာများ၏ အသွားအလာမှာ ပါဠိတော်များနှင့် ယိုးမှားဖွယ်ရေးသည်။ ဧဝံမေသုတံကစ၍ အစ စကားချီးများမှာ ပါသည်။ သို့ရာတွင် အတွင်းစာသားမှာ ဘုရားတရားနှင့်မညီပဲ ပါဠိစီ၍ ရေးသားထားကြသည်။ အင်းအိုင်၊ လက်ဖွဲ့၊ ခါးလှည့်၊ စက်သွင်း၊ မှော်၊ မန္တန်၊ ဂါထာ အတတ်လေ့လာ၍ သူတို့၏ ဣဒ္ဓိတန်ခိုးများကို ပြောကာ လူများကို ယုံကြည်စေသည်။
မင်းဆက် ၃ဝ တိုင်တိုင် အခိုင်အမာ ထွန်းကားနေသော အရည်းကြီးဝါဒကို အနော်ရထာမင်း နန်းတက်သောအခါ အပြစ်များစွာ မြင်၍ မနှစ်သက်သည့်အတွက် အရည်းတို့အား ဆက်ကပ်လှူဒါန်းမြဲ အလှူအတန်းများကို မပြုလုပ်စေရန် တစ်စတစ်စ ဖျက်တော်မူသည်။
သထုံပြည်မှ ရှင်အရဟံ ပုဂံသို့ ရောက်လာ၍ မင်းနှင့်တကွ တစ်ပြည်လုံး မှန်သောတရား၌ တည်စေသောအခါ အရည်းကြီးတို့သည် တစ်နေ့တခြား လာဘ်လာဘတန်ခိုး အမျိုးမျိုး တိမ်ကောသွားလေသည်။
ယင်းသို့ လာဘ်နည်း၍ တစ်စတစ်စ ကြပ်တည်းလာသောအခါ အရည်းတို့သည် ကျမ်းစာများရေး၍ သရေခေတ္တရာမြို့လယ် သခွပ်ပင် အတွင်း၌ထွင်း၍ ထည့်ထား၏။ သစ်ပင်အခွံ အသားစေ့စပ်လွယ်အောင် စိုစိုစွတ်စွတ် မြေမံထား၍ မသွေ့ မခြောက်စေရန် လုံ့လပြု၏။ သုံးနှစ်လည်၍ သစ်ပင်အခွံ အသားစေ့စပ်သောအခါ ပုဂံပြည်သို့လာ၍ သခွတ်ပင်ကြီးအတွင်း မှန်သောကျမ်းဂန်ရှိသည်ဟု အိပ်မက်အထင်အရှား ဖြစ်ကြောင်းများနှင့် အနော်ရထာ မင်းထံ အရည်ကြီးတို့သည် ယုံလောက်အောင် လာရောက်ပြောကြားကြသည်။ မင်းကြီးလည်း သရေခေတ္တရာသို့ ဝမ်းမြောက်ဝမ်းသာလာ၍ သခွတ်ပင်ကြီးကို ထွင်းဖောက်စေရာ အရည်းများ ပြောသည့်အတိုင်း ကျမ်းစာကိုကား တွေ့ရသော်လည်း ရှင်အရည်းတို့၏ ရှေးသဘောသကန်ဝါဒအတိုင်းပင် ဖြစ်နေပြန်သဖြင့် လုပ်ကြံ ထည့်သွင်းထားသည့်အရာဖြစ်ကြောင်း ရိပ်မိသောကြောင့် ထိုစာများကို ထိုအရပ်၌ပင် မီးတိုက်စေသည်။ ထိုသို့ မီးတိုက်ရာအရပ်ကို ယနေ့တိုင်အောင် မီးတိုက်ကုန်းဟု အထင်အရှား တွင်လေသည်။ ထိုအခါမှစ၍ အရည်းတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့အား အစောင့်အရှောက် ကောင်းစွာထား၍ အရည်းကြီးနှင့် တပည့်တို့အား လူဝတ်လဲစေကာ အဲမောင်း၊ လှံကိုင်၊ ဆင်ချေးကျုံး ထည့်လေသည်။ အရည်းအချို့လည်း မခံပဲ ထွက်ပြေးကြသည်။ ပုဂံနှင့် မိုင် ၂ဝ ခန့်ကွာ လက်ထုတ်နယ်၊ စလေနယ်များသို့ သွားရောက် နေထိုင်ကြသည်။ ထိုသို့ နေရာသို့ အနော်ရထာမင်းက လိုက်လံဖမ်းဆီးရာ အရည်းတို့က ခုခံလေသည်။ လက်ထုတ်နယ်၊စလေနယ်များတွင် ယခုတိုင် အရည်းတို့၏ခံတပ်ရာ မြေကတုတ်၊ ကျုံးမြောင်းရာများရှိသည်။ လက်ထုတ်နယ်တွင် အရည်းများ တည်ခဲ့သော ဘုရားဆင်းတုရုပ်ပွားတော်များလည်း ရှိတန်သမျှ ရှိသေးသည်။ ထိုနေရာများမှ အချို့အမိခံ၍ လူဝတ်လဲကြသည်။
အချို့ ရှမ်းပြည်သို့ ထွက်သွားကြသည်ဟု ရာဇဝင်ကြတ်၊ ဆရာစဉ်ဆက်စာတမ်းများနှင့် မျက်မြင်လက်တွေ့များက ဆိုသည်။ သို့ရာတွင် အရည်းကြီးဝါဒသည် အလွယ်နှင့် လုံးဝပျောက်ကွယ် သွားဟန် မတူချေ။ စင်ကြယ်စွာ ပျောက်ကွယ်သွားသည်ဟုလည်း မဆိုနိုင်ချေ။ သာသနာမှုကို လျစ်လျူရှုသော အချို့ရှင် ဘုရင်များ လက်ထက်တွင် တစ်ခါတစ်ခါ ပေါ်လာသည်ကို တွေ့ရလေသည်။ သက္ကရာဇ် ၅၆ဝ အဆုံးနှင့် ၆၆ဝ ခန့်က ထိုးထားသည့် ကျောက်စာတစ်ခုတွင် ထမင်းအပြည့်နှင့် သပိတ် တစ်ထောင်ကို အရည်းကြီးရဟန်းတို့အား ကပ်လှူကြ၏။ ပူဇော်ရန် ငွေဆင်းတုတစ်ဆူ ရွှေကို လည်း အရည်းကြီးတို့အား ကပ်လှူ၏ဟု ရေးထိုးထားသည်ကိုထောက်၍ အရည်းကြီးတို့တွင် ထိုအချိန် လောက်အထိ ကိုးကွယ်သူများရှိသေးကြောင်း သိသာသည်။ ပင်းယ၊ အင်းဝနှင့် စစ်ကိုင်းခေတ်များတွင် အရည်းကြီး အနွယ်များကို ဘုရင်များကပင် ကြည့်ရှုချီးမြှောက်ကြသေးသည်ဟု အဆိုရှိသည်။
အင်းဝပထမမင်းခေါင်လက်ထက်က အရည်းကြီးတို့သည် ဘုရင်၏အရေးပေးခြင်းခံရကာ တစ်ဖန် ထင်ပေါ်ကျော်စောလာသဖြင့် နေ့အခါ နန်းတော်တွင်းသို့ အချိန်မရွေး ဝင်ထွက်နိုင်ကြ၏။ ရံဖန်ရံခါလည်း နန်းတော်တွင်း၌ အရက် သောက်ကြူး၍ မထနိုင်ပဲ လဲနေသောကြောင့် ကျောင်းတိုက်သို့ ပြန့်ပို့ရသည်ဟု အဆိုရှိသည်။ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရတိုင် စည်တီး၊ မီးနှက်၊ လက်ပွေ့သတ်စသော အပြီးအစီးမှုကို ပြုခြင်းစသော ရဟန်းများလည်း ရှိသေးသည်။ သို့ရာတွင် အရည်းဟူ၍ မခေါ်ပဲ ပွဲကျောင်းဟု အခေါ်ပြောင်းသွားလေသည်။ သက္ကရာဇ် ၁ဝ၆ဝ နှင့် ၁၁၆ဝ အကြားကာလတွင် မြန်မာနှင့်မွန်တို့ စစ်ဖြစ်၍ မွန်တို့ချီတက်လာသည်ကို အင်းဝမှ အရည်းတစ်ထောင်ဆင်း၍ မွန်တပ်ကို ပြေးစေသည်ဟု အဆိုရှိသည်ကို ထောက်၍ အရည်းတို့၏ အဆက်အနွယ်များ ထိုအချိန်တွင် ရှိသေးကြောင်း သိသာသည်။
---------------------
အထက်ပါအကြောင်းအရာအချို့သည် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄) မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။ ထပ်မံပြီး သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ အဆိုကိုလည်း ဆက်လက် ဖော်ပြပါအုန်းမည်။
---------------------
''အရည်းကြီး ဂိုဏ်းနဲ့ ပတ်သက်လို့ဆရာ့(ဒေါက်တာသန်းထွန်း) ပြင်ဆင်ချက်က အစဉ်အလာ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်သွားပါတော့သည်။ ဆရာ့ပြင်ဆင်ချက်က
၁) အရည်းကြီးဂိုဏ်းဟာ လူအများ ပြောသလောက်မဆိုး၊ အရည၀ါသီတွေဖြစ်တယ်။
၂) အရည်းကြီးကို ဘယ်ပုဂံမင်းကမှ မနှိပ်ကွပ်။
၃) ''ပန်းဦးလွှတ်'' တယ်ဆိုတဲ့ စကား ကျောက်စာမှာ မတွေ့ (the right of first wedding-night ဆိုတာ အလယ်ခေတ် ဥရောပတချို့နိုင်ငံတွေမှာတော့ ရှိတယ်။ )
၎) ပုဂံခေတ်နောက်ပိုင်းနဲ့ ပုဂံပျက်တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ (အရည်းကြီးတွေဟာ) ခေါင်းဆောင် တွေဖြစ်တယ်။
၅) ဓမ္မစေတီခေါ် ရာမာဓိပတိလက်ထက် အေဒီ ၁၄၈၈ မှာ ရှင်ဘုရင်က အာဏာစက်နဲ့ အားပေးလို့ သီဟိုဠ်ပြန် ဘုန်းကြီး တွေ အနိုင်ရပြီး အရည်းကြီးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ ဖြစ်တယ်။
၆) ဒါကြောင့် ၁၆ ရာစုနှစ်မှာ ရေးတဲ့ ရာဇ၀င်တွေမှာ မလိုလား တဲ့ အရည်းကြီးတွေကို အင်မတန်အဆိုးဖြစ်အောင် ရေးကြတာ ဖြစ်တယ်။
၇) အရည်းကြီးတွေကို အပြစ်ပြောမယ်ဆိုရင် ပြောစရာ တစ် ချက်ပဲရှိတယ်။ စိုက်ပျိုးဖို့ မြေယာတွေ ၀ယ်ယူပြီးရင် 'သေသားစားသောက်ပွဲ' ကျင်းပတာပဲ။ တခြား အပြစ်ပြောစရာ ဘာမှ မတွေ့ရ။
လို့ ရေးထားတာကို လေ့လာတွေ့ရှိရပါတယ်..။
အရည်းကြီးအကြောင်းကို ဒေါက်တာသန်းထွန်းက အကိုး အကားအထောက်အထား အားကိုးနဲ့ အဲသလို ကောက်ချက်ချ ပါတယ်..။
အရည်းကြီး တွေရဲ့ သဘောတရားရေးရာနဲ့ ပါတ်သက်ပြီး ဒေါက်တာ သန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇ၀င်စာအုပ် စာမျက်နှာ - ၃၀၃ မှာ အခုလို တစွန်းတစ တွေ့ရှိရပြန်ပါတယ်..။
'' တောကျောင်းရဟန်းတို့ကို အထူးကျေးဇူးတင်ထိုက်သော အချက်တစ်ခု ရှိသေး၏။ မြန်မာတို့ မူလနေရာကို ခရိုန်၊ ထိုမှ ချဲ့ထွင်နေထိုင်ရာကို တိုက်ဟုရှိရာ ပုဂံပျက်လျှင် တိုက် အရပ်များ ၌ မြေယာများစွာသည် ထွန်ယက်စိုက်ပျိုးရန် လူမရှိခြင်း၊ လူရှိ ပြန်လည်း လုံခြုံမှု မရှိခြင်းတို့ကြောင့် တောအတိပြန်၍ ဖြစ်ရ သည်။ တိုင်းပြည် မည်သို့အခြေအနေရှိမည်ကို အေဒီ ၁၃၇၅ ခုနှစ်ထိုး ကျောက်စာ၏ အောက်ပါ ကောက်နှုတ်ချက်ဖြင့် သိသာပါသည်။
''----- ကျောက်စာ -----
''တစ်ခါမျှ စိုက်ပျိုးခြင်းမပြုဖူးသော တောမြေ သို့မဟုတ် မြေစိမ်း နှင့်တကွ စိုက်ပျိုးဖူးလျက် တောပြန်ဖြစ်သော တောမြေတို့ကို ယခုတောကျောင်း ရဟန်းတို့က သက်ဆိုင်ရာအာဏာပိုင် တို့ထံ တွင် ငွေ၊ အစား၊အသောက်၊ အ၀တ်ပေး၍ယူ ပြန်၍ ထွန်ယက် နိုင်အောင် ကြံစည်အားထုတ်ပေးခဲ့ကြ၏။ ဤအချက်ကား ပြည်ရွာ ငြိမ်းချမ်း၍ အစာရေစာပေါများလျက် စီးပွားရေး ကုံလုံ အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် ယင်းတို့သည် အထူးကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထိုခေတ် အစိုးရ၀ါဒနှင့်လည်း ကိုက်ညီသည်။
ထင်ရှားသော သာဓကတစ်ခုကား -
((-------- ကျောက်စာ ---------- ))
''ဤကျောက်စာအတိုင်းဆိုလျှင် တောကျောင်း သံဃာတို့၏ ခေါင်းဆောင်တစ်ဦး၏ လုံ့လဖြင့် ဧက ၅၀၀၀ ကျော်ခန့်ရှိသော မြေသည် စိုက်ပျိုး၍ရသော မြေဖြစ်လာသည့်အပြင် ထိုအခါက အုပ်ချုပ်ဆဲဖြစ်သော ဘုရင် (မိုဝ်ညင်သတိုဝ် ၁၄၂၆-၃၉) ကိုယ်တော်တိုင်လည်း တောမြေကို ထွင်ရာ၌ ပါဝင်ဆောင် ရွက် ခြင်းကို မှတ်သား ဂရုပြုဖွယ် တစ်ရပ်ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်မျိုး၏ ကြိုးစားချက်နှင့် ကောက်ပဲစိုက်ရန် ဘုရင်၏အားပေးခြင်း တို့ ကြောင့် ၁၅ ရာစု မြန်မာနိုင်ငံသည် ပြန်လည်နေသားတကျရှိ၍ စည်ကားရသည် ဆိုလျှင် တစ်နည်းအားဖြင့် မှန်ကန်နိုင်စရာ အကြောင်းရှိပါသည်။ ''
ခေတ်ဟောင်းမြန်မာရာဇ၀င် စာမျက်နှာ ၂၈၉ မှာလဲ အခုလို လေး တွေ့ရပြန်ပါတယ်..။
တစီးရှင် သီဟသူ လက်ထက်၌ ပင်းယမြို့တွင် သီလ၀န်ဂုဏ၀န် လဇ္ဇီပေသလ ရဟန်းသံဃာများစွာမရှိ- ပုဂံအရည်းကြီးတို့က ကြွင်းကျန်သော ရှင်ယောင် အရည်းကြီးတို့သာ များပြားစွာသတည်း ။''-ဟူသော အရေးအသားတွင် ပုဂံခေတ် ဦး အရည်းကြီးကို နှိမ်နင်း၍ ကြွင်းကျန်သမျှတို့သည် ပုဂံပျက် သည့်အခါတွင်မှ တစ်ဖန် အထင်အရှား နေပြန်သည်ဟူသော သဘောကို ဆောင်သောကြောင့် ထိုအရေးသားချက် တို့ကိုလေ့လာကြည့်ပါက ရှေ့နောက်လဲမညီ ရေးချင်သလို ရေး နေသော သူသာ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပါသည်
ထိုသို့သော ဦးကြီးတို့၏ ဆရာကြီး သမိုင်း သုတေသီတဦး၏ သမိုင်း မှတ်ချက်များအား ဦးကြီး နှင့် စာဖတ်သူများကိုယ်တိုင် တွေးဆ ကြည့်ကြပါ ခင်ဗျ ထိုအဆိုအရလဲ ပုဂံမှာ အရည်းကြီး ရှိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော် ဦးကြီး
ယခုအခါ ရှာဖွေတွေ့ရှိထားသော အထောက်အထားများအရ အရည်းဆိုသူတို့ ပုဂံခေတ်၌ မရှိဟု ဆိုကြလေသည်
အထက်ပုဂ္ဂိုလ်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာ၊ မယိ ဒ္ဓိ၊ ဥုံဖွဂါထာ၊ မန္တရား၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မှော်၊ စုန်း၊ ကဝေ၊ ပယောဂ၊ ဗေဒင်၊ အဂ္ဂိရတ်၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်၊ နတ်ပူဇော်မှုများ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ထိုအယူဝါဒများကို တိရ စ္ဆာန၀ိဇ္ဇာ (တိရ စ္ဆာန်တို့၏ အတတ်) ဟု ဗြဟ္မဇာလ သုတ်၊ သာမညဖလသုတ် စသည်တို့၌ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။
ထိုအယူဝါဒများသည် မဟာယာနမှတဆင့် မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်လာခြင်း ဖြစ်၏။ ယခုမှ ၀င်ရောက်လာသည် တော့မဟုတ်။သရေခေတ္တရာခေတ်(အေဒီ-၄ရာစု)ကပင်မဟာယာနရောက်ရှိနေသည်ဟု ယူဆရသော အထောက်အထားများ ရှိနေပါသည်။
သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိရသော ဗောဓိသတ္တရုပ်ကြွ ကျောက်ဆစ်လက်ရာ၊ ဘောဘောကြီး စေတီ၌တွေ့ရသော အ၀လောကိတေသွာရ ကြေးရုပ်တု၊ ဘုရားကြီးစေတီအနီးမှ တွေ့ရှိရသော အရိမေတ္တေယျ-ဘုရားလောင်းကြေးဆင်းတု၊ အ၀လောကိတေသွာရ ဘုရား လောင်း၏ ကြင်ယာတော်တာရာ ဒေ၀ီ၊ အရှေ့ဈေးဂူ အတွင်းမှ တွေ့ရှိရသော ကျောက်ချပ်တွင် မြတ်စွာဘုရားကို ၀ဲယာရံလျက် မကိုဋ်ဆောင်း ဗောဓိသတ္တ နှစ်ပါးပုံ၊ လေးမျက်နှာစေတီ တောင်ဘက်မုခ်ဗဟိုအူတိုင်နံရံတွင် ရုပ်ကြွဖော်ထားသော ကျောက်ပြားပေါ်၌ အရိမေတ္တေယျဘုရား လောင်းပုံနှင့် အ၀လောကိတေသွာရ ဘုရားလောင်းပုံများ ဖြစ် သည်။
ဖော်ပြပါအချက်အလက်များကို ထောက်ဆ၍ သရေခေတ္တရာ ခေတ်ကပင် မဟာယာနရောနှော နေကြောင်းသိရပါသည်။
ပုဂံ ခေတ်၌ကား သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသနအထောက် အထားများအရ မဟာယာနတစ်ဖြစ်လဲ တန္တရ၀ါဒ ထွန်းကားခဲ့ ကြောင်းကို ပုဂံပေါ်တော်မူဘုရားရှိပန်းချီဆေးရေး၊ လောကနာ ထာသနပုံတော်များ၊ အပယ်ရတနာ လိုဏ်ဂူရှိ နံရံဆေးရေး ပန်းချီများ၊ ဗောဓိသတ္တပုံပါသည့် အုတ်ခွက်ဘုရားများက သက်သေခံ လျက်ရှိပါသည်။
ထို့ပြင် ပုဂံခေတ်ဦးပိုင်း အရည်းကြီးတို့၏ အလေ့အကျင့်များကို ထောက်ဆ၍လည်း သိနိုင်ပါသည်။ အရည်းကြီးတို့၏ အလေ့ အကျင့်များမှာ ပန်းဦးအလှူခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ သေရည်သေရက်သောက်ခြင်း၊ အဂ္ဂိရတ် ထိုးခြင်း၊ အင်းချခြင်း၊ မန္တန်စုတ်ခြင်း၊ယတြာစီရင်ခြင်း၊ စုန်းကဝေ အတတ် တို့ကိုလေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမယိဒ္ဓိ အတတ်တို့ကိုလိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်သည်။
ထိုအရည်းကြီးတို့၏ ၀တ်စားဆင်ယင်ပုံကို စလေဦးပုညက
“ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာလက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မည်းညစ်သည့်စီဝရံနှင့် တာတေလံ အကျင့်ဆိုးသောရှင်ဆိုးတကာ့ထိပ်ခေါင်ရှင်ယောင်တို့ရဲ့ထိပ်သီး၊ရှင်မထီး” ဟူ၍သရုပ်ဖော်ခဲ့ပါသည်။
အနော်ရထာမင်းသည်ရှင်အရဟံ(ဓမ္မဒဿီ) မထေရ်မြတ် နှင့် တွေ့၍ ထေရ၀ါဒဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ပြီးနောက် ထိုအရည်းကြီးတို့အား နှိမ်နင်းခဲ့ပါသည်။ ငယ်ရွယ်သော အရည်း ကြီးတို့ကိုလူဝတ်လဲစေပြီး ဆင်ထိန်း၊ မြင်းထိန်းပြုလုပ် စေသည်။ အသက်အရွယ်ကြီးကုန်သော အရည်းကြီးတို့ကိုမူ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။
အရည်းကြီးအချို့သည်ရှမ်းပြည်နယ်ဘက်သို့ထွက်ပြေးကြကုန်၏တချို့မှာပုပ္ပားတောင်ခြေတစ်ဝိုက်၌ လည်းကောင်း၊ ပုဂံအနီး သမထီးရွာ၌လည်းကောင်း ခိုအောင်းနေကြပါသည်။
ဤသို့နှိမ်နင်းခဲ့ပါသော်လည်း အရည်းကြီးတို့သည် လုံးလုံး လျားလျား ပျောက်ကွယ်မသွား။ ခေတ္တတိမ် -ငုပ်သွားခြင်း မျိုးသာ ဖြစ်လေသည်။ ကျန်စစ်မင်းကြီးသည် ငရမန်ကန်းရန်ကို ခုခံကာကွယ်ရာ၌ ပုပ္ပားအရပ်၊ သမထီးအရပ်မှ အရည်းကြီးများ ကိုပြန်လည်ခေါ်ယူ၍ အကူအညီတောင်းရခြင်းက သက်သေ ပြနေပါသည်။
ထိုအရည်းကြီး အဆက်အနွယ်တို့သည် ပုဂံမင်းဆက် နရပတိစည်သူမင်းလက်ထက် နောက်ပိုင်းတွင် ပြန်လည် အင်အားကောင်းလာပါသည်။ တောကျောင်းဂိုဏ်းဟုပင် ဂိုဏ်းသီးခြား ခွဲထောင်ကြကုန်၏။
တောကျောင်းဂိုဏ်းသားတို့သည် နေ့ညမဟူအမဲသား၊ ငါးစား ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ အိန္ဒိယ တန္တရ၀ါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သောနတ်ဘုရား၊ နတ်ဘုရားမ(သူရဿတီ) ပူဇော်ခြင်း၊ မန္တန်ရွတ်ခြင်း၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့စီရင်ခြင်း စသည့်ဂန္ဓာရီကျင့်စဉ်များကိုအကောင် အထည်ဖော်ခဲ့ကြသည်။
ဂိုဏ်းသားတို့၏ ၀တ်စားဆင်ယင်ပုံမှာတမုတ်ဆိုး၊ တိန်းညက် ဆိုး၊ ပေါက်ပွင့်ဆိုး၊ နနွင်းဆိုးတို့ကိုဝတ် ဆင်ကြသည်။ ခြေနင်းဦး လန်စီးသည်။ ဖော့နားတောင်းတပ်သည်၊ နားပန်းဆံထားသည်။ ဦးထုပ်ဖျား၌မြွေစိမ်း ခေါင်း၊ မိုးကြိုးသွား၊ စွန်းမြီး၊ လင်းနို့တောင်၊ ဆွမ်းကော်ယောက်မတို့ကိုတပ်ဆင်ကြသည်။ ဦးထုပ်ဒေါက်ချာ များ ကိုဆောင်းကြသည်။
ဂိုဏ်းတည်ထောင်သူမှာ ရှင်ကဿပဖြစ်သည်။ ရှင်ကဿပ သည် အနိမ့်တောကျောင်းမှနေ၍ အရည်းကြီး ၀ါဒများကို ပြန့်ပွားအောင် ပြန်လည်တည်ထောင်သူ ဖြစ်သည်။
ရှင်ကဿပ မရှိသည့်နောက်၌လည်း တပည့်များက ဆက်လက် ဆောင်ရွက်ကြသောကြောင့် ပုဂံခေတ် ကုန်ခါနီးတွင် တော ကျောင်းဂိုဏ်း အထွတ်အထိပ်သို့ရောက်ခဲ့သည်။
ပင်းယခေတ် သက္ကရာဇ်၇၀၂-ခုနှစ်၊ ဥဇနာမင်းလက်ထက်တွင်
ထို ဂိုဏ်းမှ ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းကို အတုလိုက်၍လောကီအတတ်ပညာများဖြစ်သောဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ ဆင်စီး၊ စစ်ဆင်မှု၊ စက်သွင်းလှဲထိုး စသည် များ သင်းကြားပေးကြကုန်၏။
ထို ကျောင်းသို့ ကလေးလူကြီး များစွာဝင်ထွက်သွား လာကြသည် ဖြစ်ရာပွဲတမျှစည်ကား သည်ကိုရည်ရွယ်၍ “ပွဲကျောင်း” ဟုခေါ်ဆိုကြသည်။ ထို့နောက်ကျောင်းများ၊ သံဃာ များ တိုးတက်များပြား လာသောအခါ ပွဲကျောင်းဂိုဏ်း ဟု ခေါ်တွင် ထင်ရှားလာပေသည်။
ပွဲကျောင်းဂိုဏ်း
စည်ပင်တိုးတက်လာသောအခါတောကျောင်းဂိုဏ်းမှာပွဲကျောင်းဂိုဏ်းအတွင်းသို့ရော နှောပေါင်းစပ်သွားပြီး (၁၅)ရာစုခန့်တွင် ပျောက်ကွယ်သွားလေသည်။
ပွဲကျောင်းဂိုဏ်းသည် ညောင်ရမ်းခေတ်အထိ တိုးတက်စည်ပင် လာခဲ့ သည်။ ညောင်ရမ်း ခေတ်နှောင်း ပိုင်း၌မူ အားနည်းသွား သည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်၌ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။
ဘိုးတော်ဘုရားသည် ထိုပွဲကျောင်းဂိုဏ်းက သင်ပေးသော ပညာဖြင့် နိုင်ငံတော်ကို ပုန်ကန်သည်ဟု အကြောင်းပြ၍ ဖျက်သိမ်းခြင်းဖြစ်သည်။ သို့သော်ပြည်သူနှင့် ရဟန်းသံဃာ တချို့မကျေနပ်မှုများ ပေါ်ပေါက်လာ သဖြင့်ပြန်လည်ဖွင့်လှစ် ရန်ခွင့်ပြုရသည်။ ပွဲကျောင်း အများအပြား ပျက်စီးကုန်ပြီဖြစ် ရကား အချို့လောက်သာ ဖွင့်လှစ်နိုင်တော့သည်။
ထိုပွဲကျောင်းများ ပြန်လည်စည်ကားစပြုချိန်မှာ မင်းတုန်းမင်းနန်း တက်ချိန်ဖြစ်သည်။ သက္ကရာဇ်၁၂၁၇- ခုနှစ်တွင် မင်းတုန်းမင်း သည်ပွဲကျောင်းများကိုလုံးဝဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် ပွဲကျောင်းများ ပျောက်ကွယ် သွားခြင်း ဖြစ်သည်။
သို့သော် ခေတ်အဆက်ဆက်ဆက်ဆံလာခဲ့ကြသော အရည်း ကြီးတို့၏ လုပ်ငန်းစဉ်များကား ကွယ်ပျောက်သွားခြင်း မရှိပါ။ သမိုင်း အထောက်အထားများနှင့် ထွက်ရပ်ပေါက်ဆိုသူတို့၏ ဘ၀ဖြစ်စဉ်များက သက်သေခံလျက်ရှိပါသည်။
မျက်မှောက်ခေတ်တွင် ဘိုးတော်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်၍ နှိမ်နင်းခဲ့ဖူးပါသည်။ သို့သော် ပျောက်ကွယ် သွားခြင်း မရှိပါ။ လူအချို့သည်ဂိုဏ်းအမည်အမျိုးမျိုးဖြင့် အရည်းကြီးဝါဒ ကျားသေကို အသက်သွင်းလျက်သာ ရှိနေကြပါသေးသည်။
အဘယ့်ကြောင့် အရည်းကြီးဝါဒဟု ဆိုရပါသနည်းဟူမူ ထိုဂိုဏ်းအသီးသီးတို့၏ အထွတ်အမြတ်ထား ကြသော အရှင်အဇ္ဇဂေါဏ၊ရှင်မထီး၊ ဗားမဲ့၊ ဗားတမော့၊ ငရနဲဆရာတော် တို့ မှာထေရ၀ါဒအနွယ်ဝင်များမဟုတ် ကြပါ။ အရည်းကြီး အဆက်အနွယ်များသာ ဖြစ်သောကြောင့်ပါတည်း။
ထိုအရည်းကြီးဝါဒတို့သည် မဟာယာနမှဆင်းသက်လာကြောင်း ကိုလည်း အထက်တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့ ကြိုးပမ်းအားထုတ်ပါရန်လည်း ဒုတိယသင်္ဂါယနာတင်စဉ် အခါက အရှင်ယသမထေရ်မြတ်ကြီး သည် အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
“ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် ရန်စွယ်၊ရန်ဘေး ကြုံတွေ့ရသည်ရှိသော် မိမိကိုယ်ရေးကိုယ်တာ ကိစ္စများကို စွန့်ပစ်၍ အန္တရာယ်များ မငြိမ်းမချင်း အစွမ်းကုန်ကြိုး ပမ်းကြရ မည်” ဟု မိန့်တော်မူခဲ့ပါသည်။
သမိုင်းစကားနှင့် ပြောရလျှင် အဲဒီပွဲကျောင်းဘုန်းကြီးဆို တာ ဒုတိယသင်္ဂါယနာတင်စဉ်က ဂိုဏ်းကွဲသွားပြီး ကောသမ္ဘီပြည့်မှာ သင်္ဂါယနာအပြိုင်တင်ကြတဲ့ မဟာသံဃိကဂိုဏ်သား တွေဖြစ် တယ်၊ အဲဒီ မဟာသံဃိကဂိုဏ်းကို မဟာယာနဂိုဏ်းလို့လည်း ခေါ်တယ်၊ မြောက်ဂိုဏ်းလို့လည်းခေါ်ပါတယ်။
ယခု မြန်မာ၊ ထိုင်း၊ သီဟိုဠ်မှာတည်ရှိတဲ့ဂိုဏ်းကိုတော့ ထေရဝါဒဂိုဏ်းလို့လည်းခေါ်တယ်၊ တောင်ဂိုဏ်းလို့လည်း ခေါ်တယ်၊ တောင်ဂိုဏ်းနှင့် မြောက်ဂိုဏ်းတို့ဟာဘုရားရှင်ရဲ့ သာသနာတော်က ခွဲထွက်တဲ့ ဂိုဏ်းတွေချည်းပဲ၊ ဒါကြောင့် မဟာယာနဂိုဏ်းဟာ မိစ္ဆာဒိဋ္ဌိဂိုဏ်း မဟုတ်ပါဘူး၊
“မြန်မာနိုင်ငံတော်မှာ အနော်ရထာမင်းလက်ထက်စပြီး ထေရဝါဒသာသနာရောက်ရှိခဲ့တယ်၊ ပွဲကျောင်းဂိုဏ်းကွယ် သွားသော်လည်း အလေ့အလာက ကျန်ရစ်တယ်၊ ပွဲကျောင်း ဂိုဏ်းဟာ ထုလုပ်ကိုးကွယ်တဲ့ ရုပ်ပွားတော်ဟာ အဝလောကိတေသရ ရုပ်ပွားတော်ဖြစ်တယ်၊ အဝလောကိတသရ ရုပ်ပွားတော်ဟာ ဂေါတမဘုရားရှင်ရဲ့ ရုပ်ပွားတော် မဟုတ်ဘူး၊ဗောဓိသတ္တခေါ်တဲ့ အလောင်းတော် နတ်သားရဲ့ ပုံသဏ္ဌာန်ဖြစ်ပါတယ်၊ နတ်ဝတ်ဒွါဒရာ နှင့်ဖြစ် တယ်၊
ပွဲကျောင်းဘုန်းကြီးများဟာ ဂေါတမဘုရားကိုကိုးကွယ်တာ မှန်တယ်၊ ဂေါတမရုပ်တုတော်ကိုလည်း ကိုးကွယ်ကြတယ်၊ သို့သော်လည်း အဝလောကိတေသရနတ်ဘုရားကိုလည်းအများအပြား ကိုးကွယ်ကြတယ်၊
အဲဒီ အဝလောကိတေသရနတ် ဘုရား မန္တာန်တော်က (ဥုံ မဏိပဒ္ဓေဟုံ) ဆိုတာ ဖြစ်ပါတယ်၊ ရှေးအစဉ်အဆက် အလေ့အလာနှင့် ရှေးက အဝလောကိတေသရ ရုပ်ပွားကိုပင် ဂေါတမဗုဒ္ဓအဖြစ် ဆက်လက်ကိုးကွယ်ခဲ့ကြတယ်။
အဝလောကီတေသရ နတ်ဘုရားရဲ့ ပုံတော်ကို ဂေါတမအဖြစ် အစဉ်အဆက်ကိုးကွယ်လာကြသလို ရှေးက ပွဲကျောင်းဓလေ့ ဖြစ်တဲ့ အတီးအမှုတ် အကအခုန်များကိုလည်း ထေရဂိုဏ်ဝင် ပုဂ္ဂိုလ်များက အမွေခံပြီး ဆက်လက်ပြုလုပ်လာခဲ့ကြတယ်၊ ဒီနေရာမှာ အဆိုအက စတင်ဖြစ်ပေါ်လာပုံကို ဆက်ပြောပေး ပါမယ်။”
“ကမ္ဘာဦးကလူတွေဟာ နတ်ဘုရားများကို စတင်ကိုးကွယ် ကြရာက ဝေဒကျမ်းများ ထင်ရှား ဖြစ်ပေါ်လာကြတယ်၊ ကမ္ဘာဦးလာ ဝေဒကျမ်းများဟာ (၁)ဣရုဝေဒ (သို့မဟုတ်) ရိဂဝေဒကျမ်း၊ (၂) ယဇုဝေဒကျမ်း၊ (၃) သာမဝေဒကျမ်း၊ (၄) အာထဗ္ဗဏ (သို့မဟုတ်) အတ္ထာရဝဝေဒကျမ်းရယ်လို့ ၄-မျိုးရှိတယ်။
အဲဒီ ၄-မျိုးအနက် (၁) ဣရုဝေဒကျမ်းဟာ ဂါထာပေါင်း၁၀၀၀-ပါရှိပြီး ကောင်းကင်ဘုံစံ နတ်ဘုရားများရဲ့ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆိုထားတာပါ၊
(၂) ယဇုဝေဒကျမ်းဟာ စုဏ္ဏိယတစ်ဝက်, ဂါထာတစ်ဝက်ပါရှိ သတဲ့၊ အဲဒီ ဂါထာများဟာ များသောအားဖြင့်ဥရုဝေဒကျမ်းက ဂါထာများဖြစ်သတဲ့၊ အဲဒီ ယဇုကျမ်းမှာ ဘာတွေပါသလဲဆိုတော့ ယဇ်ပူဇော်ရာမှာရွတ်ဖတ်တီးမှုတ်ရတဲ့ မန္တရားများ ပါရှိသတဲ့၊
(၃) သာမဝေဒကျမ်းလာ ဂါထာများဟာလည်း ဥရုကျမ်းလာ ဂါထာတွေပင် များသတဲ့၊ သို့သော် အဲဒီ ဥရုကျမ်းလာ (ကဗျာ) များကို ရွတ်ဆိုဖို့ စည်းကိုက်ဝါးကိုက်အသံထည်ပေးတဲ့ ကျမ်းဖြစ်တယ်၊
(၄) အာထဗ္ဗဏကျမ်းကတော့ ဂါထာပေါင်း ၆၀၀၀-ပါသတဲ့၊ သို့သော်ဥရုဝေဒကျမ်းလာ ဂါထာများနှင့် စုဏ္ဏိယျားဖြစ်ပြီး စုန်းကဝေ တစ္ဆေ မြေဖုတ်များကြောင့်ဖြစ်တဲ့ရောဂါများနှင့် အဖျားအနာအမျိုး ပျောက်ကင်းအောင် မန်းမှုတ်ရတဲ့ မန္တရားများ၊ ကာယသိဒ္ဓိ,ပီယသိဒ္ဓိစသော သိဒ္ဓိအမျိုးမျိုး ပြီးမြောက်စေနိုင်တဲ့ ဂါထာမန္တရားများ ပါဝင်သတဲ့။
ဒီ ဝေဒကျမ်းများဟာ နတ်ဘုရားများကို အမွှမ်းတင်ပြီးပူဇော်တဲ့ ကျမ်းတွေပဲ၊ ပူဇော်တဲ့နေရာမှာ အသားအသွေးဖြင့် ပူဇော်ခြင်း၊ အရက်သေစာဖြင့်ပူဇော်ခြင်းအထိ နယ်ချဲ့လာပြီးနတ်ဘုရားများ နှစ်သက်အောင်ရယ်လို့ ယဇုဝေဒလာ ရိုးရိုးရွတ်ဆိုပူဇော်ရုံမျှမက သာမဝေဒကျမ်းအရ စည်းကိုက် ဝါးကိုက် သီဆိုတီးမှုတ်မှု ဖြစ်လာတယ်၊ အဆိုအတီးပါလျှင်အဆိုအကဟာလည်း ပါစမြဲမို့ နတ်ဘုရားပူဇော်တဲ့ အကမျိုးစုံ ဖြစ်ထွန်းပေါ်ပေါက်လာတယ်။
နစ္စ, ဂီတ, ဝါဒိတဆိုတဲ့ အကအဆို အတီးအမှုတ်ဟာ လူတိုင်း ရဲ့ မွေးရာပါ ဝါသနာဖြစ်သတဲ့၊ ဂန္ဓဗ္ဗဆိုတဲ့ နတ်တွေဟာ အက အဆို အတီး အမှုတ် အလွန်ဝါသနာကြီးတဲ့ ကချေသည်မျိုးတွေ ဖြစ်ကြသတဲ့၊ ဒါကြောင့် အက အဆို အတီး အမှုတ်တွေနှင့် နတ်ဘုရားကိုပူဇော်ကြတဲ့အခါ သူ့ထက်ငါသာ အပြိုင်အဆိုင် ဘုရားပွဲကြီးများ ဖြစ်လာကြတယ်။
မဟာယာနသာသနာဟာ အိန္ဒိယမှာ တည်နေစဉ်က ဟိန္ဒူဝါဒ နှင့်ပူးပေါင်းခဲ့တယ်၊ ဟိန္ဒူဝါဒမှာ ဗိဿနိုးနတ်ဟာ အဝတာရ အဖြစ် လောကကြီးကို စောင့်ရှောက်သလို မဟာယာနကလည်း လောကိတေသရ နတ်ဘုရားလောင်းတော်က လောကကြီးကို စောင့်ရှောက်ခဲ့တယ်၊ ဟိန္ဒူများကနတ်ဘုရားကို အကြီးအကျယ် အကအဆို အတီး အမှုတ်များနှင့် ပူဇော်သလို မဟာယာနများ ကလည်း အကအဆို အတီး အမှုတ်များဖြင့် ဘုရားရှင်ကို ပူဇော် ခဲ့ကြတယ်၊ ဒါကြောင့် မဟာယာနဂိုဏ်းကို မြန်မာက ပွဲကျောင်း ဂိုဏ်းလို့ ခေါ်ခဲ့ကြတယ်၊ မြန်မာနိုင်ငံတော်မှာ ပွဲကျောင်းဂိုဏ်း ဟာမရှိသလောက် ပျောက်ကွယ်သွားပြီကွယ့်၊ တိုင်းပြည်စွန်နား မှာ နည်းနည်းပါးပါးမျှသာ ကျန်လိမ့်မယ်၊သို့သော် အစဉ်အလာ အက အဆို အတီး အမှုတ် ပူဇော်ပွဲကတော့ မပျောက်ကွယ်ဘဲ အမွေအနှစ်အဖြစ် ယနေ့ထိအောင်ကျန်နေတယ်”
---------------
အောက်ပြည်အောက်ရွာတွင်လည်း အရည်းကြီးဟူသော သူများရှိခဲ့သည်ဆိုသော အချက်အလက်နှင့်ပတ်သက်ပြီးတော့ အောက်ပါအတိုင်း ရှင်းလင်းပါရစေ။
အေဒီ ၁၇၁၄-၁၇၃၃ (သာသနာ ၂၂၅၈-၂၂၇၇) တနင်္ဂနွေမင်းလက်ထက် ရေးသားတဲ့ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး စတုတ္ထတွဲ၊ ပိုဒ်ရေ ၂၄၃ မှာ အယူမှားသော အရည်းကြီးတို့ အကြောင်း ဆိုပြီး အရည်းကြီး ဆိုတဲ့ စကားရပ် ပါဝင်လာပါသည်။
ဦးကုလားရဲ့ ရှေ့မညီ နောက်မညီ ဖေါ်ပြချက် လိုရင်းကို ပြန်ပြောပြရရင် သူဟာ သူ့ရဲ့ ရာဇဝင်ကြီး ရှေ့ပိုင်း တစ်ခုလုံး ပုဂံပြည်ကြီးမှာ ထေရဝါဒ သာသနာ အလွန်ထွန်းကားကြောင်း ဖေါ်ပြပြီးမှ ယင်း ပိုဒ်ရေ ၂၄၃ ရောက်မှ အနော်ရထာခေတ် အကြောင်း ရေးသားရာမှာ
“ထိုပြည် မင်းအဆက်ဆက် သမထီးအရပ်မှာ အရည်းကြီး သုံးကျိပ်နှင့် တပည့် ခြောက်သောင်း ရှိတယ်ဆို သူ့စာနဲ့ ရှေ့နောက်မညီ လုပ်ဇာတ်ခင်းခဲ့ပါတယ်။ ယင်း အရည်းကြီးတွေဟာ ဘုရားဟောမဟုတ်တဲ့ ကိုယ်ပိုင်ဝါဒတွေနဲ့ အဓမ္မကိုဓမ္မလို့ ဟောကြားတယ်။ မင်းကစလို့ အမတ် ပြည်သူအဆုံး သမီးကို မင်္ဂလာ ပြုခါနီး အရည်းဆရာ တို့ထံ ပန်းဦးလွှတ်ရတယ် စသဖြင့် ဖေါ်ပြထားပါတယ်။”
အမှန်တကယ်တော့ အထက်ပုဂံဒေသမှာ အရည်းကြီးဆိုတာ မရှိကြောင်း၊ ဦးကုလားဟာ ယင်းအရည်းကြီးဇာတ်လမ်းကို သူ့အဖွားဖက်က ဇင်းမယ်ရာဝင်မှ ဆွဲယူရေးသားထားကြောင်း၊ ယင်းစာရေးသားတဲ့ ညောင်ရမ်းခေတ် တနင်္ဂနွေမင်း မတိုင်မီ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် တို့မှ စာပေများတွင် အရည်းကြီး အကြောင်း လုံးဝ မပါရှိပါဘူး။
ဒီနေရာမှာ ခြွင်းချက် နှစ်ခု ပြောစရာရှိတာက ပုဂံခေတ်နှောင်း ပုဂံပျက်ခါနီး အချိန်ရောက်မှ ယင်းကာလ ကျောက်စာများမှာ အရည်းကြီးဆိုတဲ့ ဝေါဟာရ ပါရှိလာတာပါ။
ခြွင်းချက် (၁) -
သို့သော် ပုဂံခေတ်နှောင်းကျောက်စာများမှ ယင်းအရည်းဆိုတာ အာရညဝါသီ (တောမှီပုဂ္ဂိုလ်) ဆိုတဲ့ ပါဠိစကားမှ ပါဠိသက် အရည်း ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
ယင်း ပုဂံခေတ်နှောင်း ကျောက်စာများမှ အရညဝါသီ အရည်းများဟာ ဦးကုလားရဲ့ ရာဇဝင်ကြီးမှာပါသလို အဓမ္မကို ဓမ္မလုပ်၊ ပန်းဦးလွှတ် စတာတွေ မရှိပဲ လယ်ယာမြေ အသစ်များ ထွင်ပေး၊ လယ်မြေများဝယ်ကာ ဆင်းရဲသားများကို ခွဲဝေပေး စတဲ့ ယခုခေတ် အလို ပရဟိတ လုပ်သူများ အဖြစ်သာ ရေးထိုးထားပါတယ်။
ဒါကြောင့် ပုဂံခေတ်နှောင်း ကျောက်စာများပါ အရည်း ဝေါဟာရသည် ဦးကုလားရဲ့ ရာဇဝင်ကြီးပါ အရည်းကြီးနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
ခြွင်းချက် (၂) -
ခြွင်းချက် နောက်တစ်ခုအနေနှင့် ဦးကုလားထက် စောတဲ့ အရည်းကြီးဆိုတဲ့ ဝေါဟာရ အရေးအသားကို
အနောက်ဘက်လွန်မင်း (အေဒီ ၁၆၀၆-၁၆၂၈) သာသနာ (၂၁၅၀-၂၁၇၂)၊
သာလွန်မင်း (အေဒီ ၁၆၂၉-၁၆၄၈) သာသနာ (၂၁၇၃-၂၁၉၂)
လက်ထက်တို့မှာ မင်းဆရာအဖြစ် ကိုးကွယ်ခံရတဲ့ ရှင်ညေယျဓမ္မ ရေးတဲ့ ရွှေမောဓာသမိုင်း ပေမူမှာ
အရည်းကြီးဆိုတဲ့ ဝေါဟာရပါဝင်ပြီး၊ ယင်းပေမူပါ အရည်းကြီးဟာ အထက်မြန်မာနိုင်ငံပုဂံမှာ မရှိပဲ မြန်မာပြည်အောက်ပိုင်း ပဲခူး၊ သထုံ တို့မှာသာ ထွန်းကားကြောင်း ကထိက ဦးသက်တင်ရဲ့ ပဲခူးရွှေမောဓောသမိုင်းမှာ ဖေါ်ပြထားပါတယ်။
ဒါကြောင့် ရှင်ညေယျဓမ္မရဲ့ ပဲခူးရွှေမောဓောသမိုင်း ပေမူအရဆိုရင် မြန်မာနိုင်ငံမှာ အရည်းကြီးဆိုတဲ့ ဝေါဟာရ အေဒီ ၁၆၀၆ မှ ၁၆၄၈ အတွင်း စတင်ပေါ်ပေါက်ပြီး၊ ယင်းအရည်းကြီးများဟာလဲ မြန်မာနိုင်ငံ အထက် ပုဂံမှာ ထွန်းကားခဲ့တာ မဟုတ်ပဲ မြန်မာနိုင်ငံ အောက်ပိုင်း ပဲခူး သံထုံတို့မှာသာ ရှိခဲ့ကြောင်း သိရပါတယ်။
ဦးကုလားဟာ ညောင်ရမ်းခေတ်နှောင်း ၁၇၁၄-၁၇၃၃ အတွင်းမှာ ရာဇဝင်ကြီးကို ရေးခဲ့တာ ဖြစ်လို့ ညောင်ရမ်း ခေတ်ဦးမှာ ရေးတဲ့ ရှင်ညေယျဓမ္မနောက် နှစ်ပေါင်း ၁၀၀ ခန့် နောက်ကျပါတယ်။
ဦးကုလားဟာ ဇင်းမယ်ရာဇဝင်ပါ အရည်းကြီးဇာတ်လမ်းကို ကျမ်းကိုးခြင်း၊ ရှင်ညေယျဓမ္မရေး မြန်မာပြည်အောက်ပိုင်းမှ အရည်းကြီး အကြောင်းကို မြန်မာပြည်အထက်ပိုင်း သို့ရွှေ့ပြောင်း လုပ်ဇာတ်ခင်းခြင်းသာ ဖြစ်တန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အထက်ပုဂံမှာ အရည်းကြီးနဲ့ ပတ်သက်တဲ့အထောက်ထား ဘာတစ်ခုမှ မတွေ့ရလို့ပါ။
အရည်းကြီးနဲ့ ဆက်နွယ်တဲ့ အထောက်အထားများကို ဒွါရာဝတီ ဘက်မှာသာ တွေ့ရှိရပါတယ်။
ဒွါရာဝတီမှ မွန်များ မြန်မာနိုင်ငံ အောက်ပိုင်းသို့ စစ်ပြေး ရွှေ့ပြောင်းလာစဉ် သူတို့ ဒွါရာဝတီဘက်မှာ ကိုးကွယ်ခဲ့တဲ့ ဓလေ့များလည်း အတူပါဝင်လာနိုင်လို့ပဲ ဖြစ်ပါတယ်။
-----------------
ထို့ကြောင့် သမိုင်းက ကွဲနေပေမယ့် ဆရာကြီးသန်းထွန်းကတော့ ကွဲနေတဲ့ သမိုင်းကို မလိုက်ပါဝူး။ ဆရာကြီးက သမိုင်းဆိုတာ အမှန်တရားဖြစ်နေဖို့ပဲ့ လိုက်ပါတော့သည်။ ဒီအကြောင်းအရာများသည် ကျွန်တော် စုဆောင်းရှာဖွေထားခြင်း ဖြစ်ပေသည်။ အရည်းကြီးအကြောင်းနဲ့ပတ်သက်တဲ့ အမြင်တွေကိုလည်း နားလည်သဘောပေါက်လောက်ပီလို့ ထင်မြင်မိပါတော့လေသည်။ အဆင်ပြေလောက်သော အရာများကို စာချောအောင်တော့ စီထားပေးပါတယ်။
#လင်းညို့တာရာ
(သုတေသနပြု ထားသည်)
No comments:
Post a Comment