ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

10/24/2017

" မ " တစ်လုံးကြေ ဆရာတော် (အတုလဆရာတော် ခင်ကြီးဖျော်) ၏ ဘဝဇာတ်ကြောင်း

" မ " တစ်လုံးကြေ ဆရာတော် (အတုလဆရာတော် ခင်ကြီးဖျော်) ၏ ဘဝဇာတ်ကြောင်း [လင်းညို့တာရာ]

တောင်တွင်းဆရာ‌တော်ကို တောင်တွင်းကြီးမြို့တွင်၊ သက္ကရာဇ် ၁၀၈၄ ခုနှစ်၌ ဖွားမြင်သည်။ မျိုးရိုးမှာ ‌တောင်တွင်းကြီး မြို့သူကြီး ရိုးဝဍ်ဎနရာဇာဘွဲ့ခံ ဦးကျံ‌ဘော်၏ အနွယ်အဆက်ဖြစ်သည်။ မိဘများက မှည့်‌ခေါ်‌သော ငယ်မည်မှာ ‌မောင်‌ပျော်ကိုအစွဲပြု၍ ‌တောင်တွင်းဆရာ‌တော် ခင်ကြီး‌ပျော် ဟူ၍လည်း ‌ခေါ်ကြသည်။ အသက် ၁၀ နှစ်အရွယ်တွင် ‌မောင်‌ပျော်အား မိဖတို့ကမြို့လုလင်၊ ကန်ရိုး‌ကျောင်းဆရာ‌တော်ထံပို့၍ စာ‌ပေသင်ကြားစေသည်။ ‌ကျောင်းသို့‌ရောက်စကပင် သင်ရိုးသင်တန်း စာ‌ပေများကို မခက်မခဲ အလွယ်နှင့် တတ်‌မြောက်၍ ပညာဉာဏ်စွမ်း ထက်မြက်‌ကြောင်းပြသည်။ ကန်ရိုး‌ကျောင်း၌ ပညာသင်ကြား‌နေ စဉ် မြို့လုလင်တွင် သ‌ရောခိုင်း၍ မိဖများနှင့်အတူ ‌ကျောက်ပန်းတောင်း၊ ငသ‌ရောက်၊ တူးရွင်းတိုင်မြို့များသို့ လှည့်လည်‌နေထိုင်ခဲ့သည်။ တူးရွင်းတိုင်၌‌နေစဉ် အသက် ၂၀ သို့‌ရောက်၍ တူးရွင်းတိုင်‌တောင်ချာ ဘုန်း‌တော်ကြီးထံတွင် ရဟန်းပြုသည်။ ရဟန်းမည် ရှင်ဉာဏဝရဖြစ်၏။ ထို့‌နောက် ‌တောင်တွင်းကြီးမြို့သို့ ပြန်လည်‌ရောက်ရှိ၍ စာ‌ပေ ဆက်လက်သင်ကြားစဉ် ပုဒ်စစ်၊ ဉာသ်‌ကောက်၊ ယမိုက် ဂဏ္ဍိ၊ ပဋ္ဌာန်းအ၇‌ကောက် ကျမ်းများကို စီရင်‌ရေးသားရာတွင် ‌တောင်တွင်းဆရာ‌တော်၏ သတင်းသည် မင်း‌နေပြည်အ‌ရောက် ပျံ့နှံ့‌ကျော်‌စော‌လေသည်။ ထိုသို့ ‌တောင်တွင်းပုဂ္ဂိုလ်သည် ဉာဏ် ပညာကြီးမားထက်သန်‌ကြောင်းကို ၁၁၂၂ ခုနှစ် နန်းတက်၊ စစ်ကိုင်းမြို့တည်၊ ‌နောင်‌တော်ကြီးမင်းတရား အိမ်‌ရှေ့စံ‌တော်မူစဉ် ကြားသိ‌တော်မူ၍ ဆရာ‌တော်အား ‌နေပြည်‌တော်သို့ ပင့်ဆောင်ရန် မှူးမတ်တို့ကို ‌စေလွှတ်ရာ၊ ဆရာ‌တော်လည်း မလိုက်လို၍မ‌ကွေးမြို့အစီရင် တက်ဝံနဂါးရွာသို့ တိမ်း‌ရှောင်ထွက်သွား‌လေသည်။ ထိုမှ တစ်ဖန် ‌ကျောက်ရဲ၊ ပုခန်းငယ်၊ စ‌လေ၊ စဉ့်ကူး၊ ရွာသာ၊ ပုဂံ၊ တူးရွင်းတိုင်၊ မဲတည်၊ ခံ‌တော စ‌သောရွာများသို့ လှည်လည်သွားလာ‌နေရာ အပင့်အ‌ဆောင် လိုက်လာ‌သော မှူးမတ်များလည်း ရွာစဉ်အတိုင်း ‌နောက်မှ လိုက်လာကြ‌လေသည်။ မဲတည်ရွာ‌ရောက်လျှင် ရွာသူကြီးအား ချုပ်‌နှောင်၍ ဆရာ‌တော်ကို ရှာ‌ဖွေ‌ပေးရမည်ဟု အတင်းအကြပ် ပြုမှ ဆရာ‌တော်က ‘တကာ‌တော်တို့ သည်းခံကြ၊ ငါကြွခဲ့မည်’ အမိန့် ရှိ‌လေသည်။
ထို‌နောက် တစ်လခန့်အကြာ ၁၁၁၆ ခုနှစ်တွင် ‌နောက်ပါ အလုပ်အ‌ကျွေး တကာတစ်‌ယောက်နှင့်ပင် စစ်ကိုင်းမြို့သို့ ကြွ ‌ရောက်‌လေသည်။ သုဓမ္မာစရပ်တွင် ဆရာ‌တော်ကြီးများနှင့် ‌တွေ့ ဆုံ၍ ဆရာ‌တော်ကြီးများက ‘ငါ့ရှင်၏ဂုဏ်သတင်းသည် ‌ရွှေမြို့ ‌တော်အထိ ပျံ့နှံ့‌ကျော်ကြား‌ပေသည်။ စာ‌ပေကျမ်းဂန်များကို အဘယ်မျှ‌လောက် သင်ကြားခဲ့ဘူးပါသနည်း’ဟု ‌မေးရာ၊ ‌တောင်တွင်းပုဂ္ဂိုလ်က ‘တပည့်‌တော်သည် ပိဋကတ်သုံးပုံတွင် မသင်ဘူးသည့်ကျမ်းမရှိပါ။ ‌မေး‌တော်မူရာကို ‌လျှောက်ထားပါ မည်’ဆို၍ ဆရာ‌တော်ကြီးများ ‌မေးသမျှကို ‌ဖြေဆို‌လေသည်။ ဆရာ‌တော်ကြီးများက ‘ပေ‌လေးပင် ရှင်‌လေးပါး ထွန်းကားသည့် မြို့မှာ ယခု‌ပေတစ်ပင် ရှင်တစ်ပါး ထွန်းပြန်သည်’ဟု ချီးကျူး ‌တော်မူကြ‌လေသည်။ ထို‌နောက် ‌နောင်‌တော်ကြီးမင်းတရားက ဉာဏာ ဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမံကို ကပ်လှူ ၍ သာသနာပြု သာသနာပိုင်အရာ တင်‌မြှောက်ကိုးကွယ်သည်။ မဂင်္လာဘုံသာ‌ကျောင်း‌တော်ကိုလည်း တင်လှူသည်။ ‌နေပြည်‌တော်တွင် သုံးဝါခန့် သီတင်းသုံးပြီး‌နောက် သလုံး မြို့ ‌ရေငုံဆရာ‌တော်ထံ ကြွ‌ရောက်၍ စာဝါခံပြီးလျှင် သဒ္ဒါကျမ်း ကို ထပ်မံသင်ယူ‌တော်မူပြန်သည်။ ထို‌နောက် မြစ်စဉ်တစ် ‌လျှောက် စုန်ဆင်းရာ ပြည်မြို့သို့‌ရောက်၍ ဟံသာဝတီ‌ရောက် မင်းတရားလက်ထက် စစ်မက်အ‌ရေးပုံအတွင်းက ပျက်စီး‌သော ပြည်မြို့ ပိဋကတ်တိုက်ရှိ ကျမ်းဂန်ပိဋကတ်များ ပျက်ပြား‌ထွေး ရှုပ်‌နေသည်ကို ရဟန်းငယ်တကျိပ်၏ အကူအညီဖြင့် ‌ပေများကို တစ်ချပ်စီ စစ်‌ဆေးပြီးလျှင် ‌နေရာတကျရှိ‌အောင် ပြုပြင်စီစဉ်‌ပေး ခဲ့သည်။
‌ညောင်ရမ်း ၁၀ ဆက် သက္ကရာဇ် ၁၀၆၀ ပြည့် နန်းတက်‌သော စ‌နေမင်းလက်ထက်က စတင်‌ပေါ်‌ပေါက်ခဲ့ ‌သော အတင်ဂိုဏ်း အရုံဂိုဏ်း ကွဲပြားမှုသည် ‌နောင်‌တော်ကြီး လက်ထက်၌လည်း မပြီးမပြတ်ပင် ရှိ‌နေ‌သေးသည်။ ‌တောင် တွင်းဆရာ‌တော်မှာ အရုံဂိုဏ်းဖြစ်သည်။ ထို့‌ကြောင့် ‌တောင် တွင်းဆရာ‌တော် သာသနာပိုင်ဖြစ်သည့်အခါ ဗဒုံမြို့၊ ကန္နီ‌ကျေး သံဃာ‌တော်များက ‌တောင်တွင်းဆရာ‌တော်ထံ အဆုံးအဖြတ် ခံပြန်ရာ ဆရာ‌တော်က ‘သာသနာပြုဆရာ‌တော် ၁၄ ပါးမှာ အတင်ဂိုဏ်းချည်းဖြစ်သည်။ တပည့်‌တော်တစ်ပါးတည်းနှင့် ဆုံး ဖြတ်ခြင်းငှာ မတတ်နိုင်။ ထိုပြင် ‘သည်သဲပုံ‌ငွေဖြစ်မှ၊ တင်ရစ် ‌တော့‌လေး’ဟုတ‌ပေါင်ရှိသည်။ (သဲပုံမှာ‌ သောကြာသား အ‌လောင်းမင်းတရားကြီး ဖြစ်သည်။ ‌ငွေမှာ တနင်္လာသား ဘိုး‌တော်မင်းတရား ဖြစ်သည်။) ထို့‌ကြောင့် ယခုမင်းလက်ထက် တွင် မဖြစ်‌သေး၊ ‌နောင်မင်းများလက်ထက်တွင်မှ ဖြစ်မည်’ဟု အမိန့်ရှိကာ အဆုံးအဖြတ်မ‌ပေးဘဲ ထားခဲ့‌လေသည်။ တောင်တွင်းဆရာ‌တော်သည် ပိဋကတ် ကျမ်းဂန်၌သာလျှင် နှံ့စပ်တတ်‌မြောက်သည်မဟုတ် ‌လောကီပညာ ရပ်တို့၌လည်း နှံ့စပ်တတ်ကျွမ်း‌တော်မူသည်။ တစ်ခါ‌သော် ‌နောင်‌တော်ကြီး မင်းတရားက ‘ဆရာ‌တော်သည် တစ်ပါးပညာများ၌ ကျွမ်းကျင် ‌သော်လည်း အတီးအမှုတ်ကိုကား နားလည်မည်မဟုတ်’ဟု ဆိုကာ၊ ဆိုင်းသမားများအား ဆရာ‌တော်၏‌ကျောင်းသို့ ‌စေလွှတ်၍၊ တီးမှုတ်‌စေ‌လေသည်။ ဆရာ‌တော်လည်း ဆိုင်း သမားများအား ဤအလုံးနှင့် ဤအလုံးကို‌ပေါင်း၊ ဤအလုံးကိုခွဲ ဤသို့တီးဟု ပြသ‌ပေး‌လေသည်။ ဆရာ‌တော် ညွှန်ပြသွန်သင် ချက်အတိုင်း တီးရာ၊ ‌ရှေးအထက်က မကြားဘူး‌အောင်‌ကောင်း ‌သော တီးရိုးကိုရကြသည်။
ဤသို့‌သော ‌လောကီ‌လောကုတ္တရာ၌ မတတ်‌သော ပညာ၊ မသိ‌သောအရာဟူ၍မရှိသဖြင့်၊ ‌တောင်တွင်းဆရာ‌တော်သည်‘မ’တစ်လုံး ‌ကျေသည်ဟု ဥဒါန်းစည်ရှည် ‌ပြောဆိုစမှတ်ပြုကြသည်။ ဆရာ‌တော်သည် သက်‌တော် ၃၉ နှစ် ဝါ‌တော် ၁၉ ဝါ၊ သက္ကရာဇ် ၁၁၄၂ ခုနှစ်တွင် ဘဝ‌ပြောင်း‌တော်မူသည်။ ထိုမျှ ‌သော သက်‌တော်ဝါ‌တော်အတွင်း၌ ကျမ်း‌ပေါင်း ၃ရ ကျမ်း အပြင်၊ မင်းလက်ဝဲ‌နော်ရထာအမတ် အရပ်ရပ် ‌လျှောက်ထား ‌မေးမြန်းသည်များကိုလည်း ‌ဖြေဆို‌တော်မူခဲ့သည်။ ထိုအ‌မေး အ‌ဖြေများကို စု‌ပေါင်း၍ထား‌သော ‘မင်းလက်ဝဲ‌နော်ရထာ ‌လျှောက်ထုံး’ဟု ကျမ်းတကျမ်း ထင်ရှားရှိသည်။
ပြုစု‌တော်မူခဲ့‌သော ကျမ်းများမှာ၊ (၁) ပဋ္ဌာန်းအ၇‌ကောက်၊ (၂) ဉာသ်‌ကောက် (၃) ယမိုက်ဂဏ္ဍိ (၄) မာတိကာဂဏ္ဍိ (၅) ဓာတုကထာဂဏ္ဍိ (၆) ပုဒ်စစ်ကျမ်း (ရ) သဒ္ဒါစစ်ဂါထာ ဖွင့် (၈) သံဝဏ္ဏနာအဖွင့် (၉) နည်း‌လေးဆယ် (၁၀) အာဒိ ကပ္ပကျမ်း (၁၁) ဒွါဒသရာသီကျမ်း (၁၂) ဓာတု‌ဘေဒကျမ်း (၁၃) ဓာတုဝိဘာဂကျမ်း (၁၄) ‌နေမိတ္တကကျမ်း (၁၅) နရ တန်း‌ဆောင်ကျမ်း (၁၆) နရမာလာကျမ်း (၁ရ) လက္ခဏ သဂြိုဟ်ကျမ်း (၁၈) နရသုခိကျမ်း (၁၉) ‌ဝေ‌နေယျသုခိကျမ်း (၂၀) မဟာနာရီကွန်ချာကျမ်း (၂၁) ပဋိစ္စ သမုပ္ပါဒ်ဓာတ်ကျမ်း (၂၂) ဓာတုသဂင်္ဟကျမ်း (၂၃) ဓာတုဒီပဏီကျမ်း (၂၄) အရသာကျမ်း (၂၅) အဂင်္ဝိဇ္ဇာကျမ်း (၂၆) က‌ဝေသာ ရကျမ်း (၂ရ) လက္ခဏဒီပကျမ်း (၂၈) ဆနဝုတိကျမ်း (၂၉) ဓာတွန္ဒြီကျမ်း (၃၀) မဏိ‌ဇောတရသ်ကျမ်း (၃၁) စူဠ ‌ဇောတရသ်ကျမ်း (၃၂) ပရမီသွာကျမ်း (၃၃) ဇမ္ဗူ့ကျက်သ‌ရေ ကျမ်း (၃၄) သာသနာသိုက်ကျမ်း (၃၅) သဗ္ဗသာဓရကျမ်း (၃၆) ‌ယောဟနကျမ်း (၃ရ) ပဉ္စပုမ်ကျမ်း စုစု‌ပေါင်း ၃ရ ကျမ်းဖြစ်သည်။ ထိုကျမ်းများအနက် အချို့‌သော ဆရာ‌တော် ကိုယ်တိုင်‌ပေတင်ခဲ့၍ အချို့ကိုမူကား ဆရာ‌တော် မရှိသည့် ‌နောက်မှ တပည့်များက ‌ပေတင်ကြသည်ဟုဆိုသည်။ ထိုပြင် ‌နောင်‌တော်ကြီးမင်းက ‌တောင်းပန်သဖြင့် ‌ငွေဖြစ်လုပ်ရပ် ကျမ်းကိုလည်း ပြုခဲ့သည်ဟုဆိုသည်။ ဆရာတော်သည် မပြည့်စုံသေးသော ဆေးပညာကို ပြည့်စုံအောင် အားထုတ်သည် ။ ချို့တဲ့နေသော ဗေဒင်နက္ခတ်ပညာကို တိုးတက်ဖွံ့ဖြိုးလာအောင် ကြိုးပမ်းသည် ။ ဆေးနှင့်နက္ခတ်ကို ကိုင်သောအခါ လောကီပညာအချို့လည်း ပါဝင်ခဲ့သည် ။ " နက္ခတ်မနိုင် - ဓာတ်မကိုင်နှင့် ရာသီမပိုင် - ဆေးမကိုင်နှင့် " ဟု ရှေးလူကြီးတို့ ဆိုရိုးရှိခဲ့သည် ။ နက္ခတ်ကိုနိုင်မှ ဓာတ်ကိုနိုင်မည် ။ ဓာတ်ကိုနိုင်မှ လူနာအား ဓာတ်စာပေးရာတွင် မှန်ကန်မှုဖြစ်မည် ။ ထို့ကြောင့် အတုလဆရာတော်သည် အာဒိကပ္ပဒွါဒရာသီနက္ခတ်ကျမ်း ၊ ကျုံယှနက္ခတ်ကျမ်း ၊ ဒွါဒသိမ်ကျမ်း ၊ ဇော်က၀ိဇ္ဇာကျမ်း ( ၁၂ ရာသီအဖွင့် ) တို့ကို ပြုစုခဲ့သည် ။ နက္ခတ်ပညာသည် အလွန်တရာကျယ်ဝန်းသည် ၊ နက္ခတ်ကိုနိုင်မှ ဆေးဝါးဓာတ်စာ ရောဂါကို ပိုင်ပိုင်အသုံးပြုနိုင်မည်ဟု ဆရာတော်က ယုံကြည်သည် ။ မြန်မာ့ဆေးပညာတွင် နက္ခတ္တနယနက္ခတ်ပညာဖြင့် တွက်ချက်၍ ကုသရသောနည်းကို ဆရာတော်သည် ဖွင့်ဆိုရေးပြသွားသည် ။
အင်္ဂဝိဇ္ဇာ ၉ စောင်တွဲ ၊ အင်္ဂဝိဇ္ဇာမဟာဋီကာကြီး စသည်တို့မှာလည်း အင်္ဂဝိဇ္ဇာတွက်နည်းပညာကို အကျယ်တဝင့် ဖွင့်ဆိုပြသွားသည် ။ " ဝီသတိဓာတ်တိုင် ၊ ဂြိုဟ်နိုင်ငံ ရာသီနိုင်ငံ ၊ နံစံတြင်း ၊ နဝင်းသင်္ချာ ၊ ခုနစ်ရာတိုင်ပေါင်း ၊ ဆိုးကောင်းနိသျှည်း ၊ ဟောပုံနည်းတွင် " စသည်ဖြင့် စလေဆရာကြီး ဦးပုည ရေးသားထားသည်မှာလည်း အတုလဆရာတော် ခင်ကြီးဖျော်၏ အင်္ဂဝိဇ္ဇာတိုင်ဖွဲ့ ဟောပြောခြင်း၏ နက်နဲကျယ်ပြန့်ပုံကို ပြောဆိုထားခြင်းဖြစ်ပါသည် ။ ဆေးပညာ နက္ခတ်ပညာ ဗေဒင်ပညာအကြောင်းပြောလျှင် ဆရာတော်ကို ဦးထိပ်ထားရမည် ။ ဆရာတော်သည် မြန်မာ့ဆေးပညာကို အစအဆုံး သင်ယူခြင်း မပြုနိုင်သူတို့အတွက် ဖြတ်လမ်းမှ ရက်တိုသင်တန်းတက်၍ လွယ်လွယ်အသုံးပြုနိုင်စေရန် သြဠာရိကသုခုမဆေးပညာကို တီထွင်ထားခဲ့သည်ဟုလည်း သိရသည် ။
ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ပေါ်ပေါက်သော စာပေ၊ ဂီတအနုပညာလောက၌ ထင်ရှားသော စွယ်စုံပညာရှင်ဆရာတော်တစ်ပါးမှာ တောင်းတွင်းဆရာတော် 'ခင်ကြီးဖျော်' ပင်ဖြစ်သည်။ ဆရာတော်အား' မကာရလောပ' ဟု ခေါ်ကြသည်။ မတစ်လုံးကျေနေသည်။ မသိတာ၊ မတတ်တာမရှိဟု အဓိပ္ပာယ်ရသည်။ မှန်လည်းမှန်ပေသည်။ ဆရာတော်ကား ပညာစုံ၍ စွယ်စုံတော်သည်။ ပိဋကတ်လည်း နှံ့စပ်သည်။ သဒ္ဒါလည်းနိုင်နင်းသည်။ အဘိဓမ္မာလည်း ကျွမ်းကျင်သည်။ လောကုတ္တရာကျမ်းများအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အင်္ဂရတ်ကျမ်း စသော လောကီကျမ်းများကိုလည်း ကမ်းခပ်အောင် တတ်မြောက်သည်။ တစ်နည်းဆိုရသော် ပညာအရာတွင် ဘက်စုံစွယ်စုံကျွမ်းကျင်တတ်မြောက်သူတစ်ဦးအဖြစ် ကျော်ကြားနေသူဖြစ်လေသည်။ "မ"တစ်လုံးကြေ အတုလမဟာကျော် ခင်ကြီးဖျော် ဟု လောကီ ပညာရပ်များကြောင့် ထင်ရှားခဲ့သည်။ ဆရာတော်ခင်ကြီးဖျော်အား သက္ကရာဇ် ၁၀၈၆၊ ကဆုန်လဆန်း( ၁၁)ရက် (ခရစ် ၁၇၂၄ ခု၊ ဧပြီ ၂၁ ရက်) အင်္ဂါနေ့။ ၁၀၈၆ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ဖွားမြင်သည်ဟု ကျမ်းအသီးသီး၌ ယေဘုယျဆိုကြသည်။ ပြက္ခဒိန်ကျမ်းနှင့် တိုက်ဆိုင်စေသောအခါ ထိုနေ့မှာ စနေနေ့ဖြစ်သည်ကို တွေ့ရသည်။ ကဆုန်လဆန်း (၁၁)ရက်နေ့မှာ အင်္ဂါနေ့ဖြစ်သဖြင့် (၁) ရက်ကို (၁၅) ရက်ဟု ရေးမှားခြင်းဖြစ်ကြောင်း ဒေါက်တာတိုးလှက တက္ကသိုလ်ပညာပဒေသာ(ဝိဇ္ဇာ) ၁၁/ ၂ ၌ ရက်ချုပ်စစ်တမ်း စာတမ်းတွင် စိစစ်ပြထားသည်။) အင်္ဂါနေ့ နံနက် ၄ချက်တီးကျော် နံနက်တွင် တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာအနီးရှိ ပုတီးကုန်းရွာ၌ အဖ ဦးဘိုးပြေ၊ အမိ ဒေါ်ကြာတို့မှ ဖွားမြင်၍ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။
မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုးကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာသင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီး ၊ နမက္ကရ၊ လောကနီတိ ဆုံးမစာတို့ကို တတ်မြောက်၍ ကျောင်းသားလူငယ် အဖြစ်နှင့်ပင် ဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာဝ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။ ၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သင်္ဂြိုလ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူးမြှောက်စားခြင်းကို ရရှိလေသည်။ အသက် ၂၀ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏ ဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့ သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူ တတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။ ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်း မရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့ သွားရောက်၍ သဒ္ဒါဘက်ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာ ဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက် မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊ နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင်အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက်တို့က မတစ်လုံးကျေသော`မကာရလောပ ခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။
ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်းတရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ (နောင်တော်ကြီးမင်း) တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင် `ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။ မဟာဘုံသာ မည်သော ကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ဤသည်နှင့် ပတ်သက်၍ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အရိုးအိုးတည်ထားရာ စစ်ကိုင်းမြို့ လောကမဉ္ဇူဘုရား ကျောက်စာတွင် ------ ဧဝံ- ဤသို့ သဘောတော်ဟုသော၊ ဂုဏံ- ကျေးဇူးတော်ကိုဝ်၊ ပသီဒိတွာ- ကြည်တော်မူရုယ်၊ ယောဇနသတပ္ပမာဏံ- ယူဇနာတစ်ရာအတိုင်း အရှည် ဟိသောအရပ်သို့ဝ်၊ အနေကက္ခတ်တုံ- အကြိမ်များစွာ၊ ဂန္တန- သွားဦးရုယ့်၊ သဂါရဝံ- အရိုဝ်အသေ၊ နိမနေန်ေတသိ- ပင့်ဖိတ်စေ၏။ ယောဓမ္မာ- အကြင်သီရိပဝရမဟာဓမ္မရာဇာအမည် ဟိသော မင်းတရားသည် သုတံ- တင့်တယ်စွာထသော၊ အနေကဓဇလင်္ကာရံ- များစွာသော မှန်ကင်းတို့ဝ်ဖြင့်တန်ဆာဆင်အပ်ထသော၊ သဗ္ဗရာမ- မယံ- အလုံးစုံရွှေဖြင့် ပြီးထသော၊ မဟာဘုံသာတိဉ်ဆိတ့- မဟာဘုံမ်သာ ဟူသော နာမံတံဆိပ်လည်း ဟိထသော ၊ မဟာသေယျံ- မြတ်သောကျောင်းကြီးကိုဝ်၊ တသဂုရုနော- ထိုဝ်ဆရာတော်အား၊ အဒါသိ- လှူတော်မူ၏' ဟု ခင်ကြီးဖျော်၏တပည့် ပုညာရာမ မထေရ်က ကမ္ပည်းထိုးတော်မူခဲ့သည်။
ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌ တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများတို့က ခေါ်ဝေါ်ကြသည်။ ထို့နောက် တောင်တွင်းဆရာတော်ခင်ကြီးဖျော်အား နောင်တော်ကြီးမင်းတရားက ' ဉာဏဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရု' တံဆိပ်နာမံတော် ကပ်လှူပြီး သာသနာပိုင် တင်မြှောက်လေသည်။ ပင့်ဖိတ်သည့်သက္ကရာဇ် ဆပ်ကပ်သည့်နှစ်နှင့် ပတ်သက်၍ 'ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး'စာမျက်နှာ ၂၅၀-၂၅၁တွင်- "ထိုနှစ် (သက္ကရာဇ် ၁၁၂၃ ခုနှစ် ) ရတနာသိင်္ဃ နေပြည်တော်၏ အရှေ့မြောက်ယွန်းတွင် ကျောင်းဦးပြသာဒ်နှင့်တကွ သုံးထပ်ဇေတဝန်ရွှေကျောင်းဆောက်တော်မူ၍ 'မဟာဘုံသာ' သမုတ်တော်မူပြီးလျှင် တောင်တွင်းဆရာတော် 'ဉာဏဘိဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု' ဆရာတော်အား တင်လှူတော်မူ၍ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ် အရိယာသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ များစွာသော ရဟန်းတို့ အသုံးအဆောင်တို့ကို လှူတော်မူသည်။ ပွဲသဘင်ကြီးစွာလည်း ခံတော်မူသည်' ဟူ၍ မှတ်တမ်းတင်ထားသည်။
ဆရာတော် ခင်ကြီးဖျော် နှင့် ဖခမည်းတော် ဖြစ်သူတို့-မြို့သို့ တက်လာခဲ့ရာတွင် ဆောက်ထားသော ကျောင်းတစ်ကျောင်းကို တွေ့၍ ဆရာတော်မှ အလှူခံရန် ကြံစည်ရာ အရှက်ကွဲနေပါဦးမည် ဟု ဖခမည်းတော် က တားမြစ်ခဲ့သည်။ သို့ဖြင့် ဖခမည်းတော် ဖြစ်သူအား စနည်းနာရန် အပြင်သို့ စေလွှတ်လိုက်၏။ ဖခမည်းတော် ပြန်လာသော် ဘာများ ထူးထူးခြားခြား တွေ့ခဲ့ရပါသလဲဟု ခင်ကြီးဖျော် မှ မေးရာ ဘာမှ ထူးထူး ခြားခြား မတွေ့ဟု ဖခမည်းတော် က ပြန်ဖြေ၏။ တစ်ခုခုတော့ တွေ့ရမှာပေါ့- တွေ့တာလေး ပြောစမ်းပါ ဟု ခင်ကြီးဖျော် မှ မရ မက မေးရာ ထွီ စောစော စီးစီး မိန်းမတစ်ယောက် ထိုင်ပြီး အပေါ့သွားနေတာပဲ တွေ့တယ် ဟု ခမည်းတော် မှ ပြန်ဖြေရာ အဖြေရသွားသော ခင်ကြီးဖျော် သည် ခမည်းတော် လက်ကိုဆွဲပြီး ထိုကျောင်း၏ ကျောင်းဒကာထံသွား အလှူခံ၏။ ကျောင်းဒကာမှ လည်း ရေစက်ချ လှူဒါန်း လိုက်ပါ တော့သည်။ ဆရာတော် ကောက်လိုက်သည်ကား ရေစက်ချ နိမိတ်ပင် ဖြစ်နေပါတော့သည်။
မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ ညောင်ရမ်း (၁၀) ဆက်မြောက်သက်ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် နန်းတက်သော စနေမင်းလက်ထက်တွင် အတင်ဂိုဏ်း ဟူ၍ သာသနာတွင် ဂိုဏ်းနှစ်ဂိုဏ်းကွဲပြားသွားသည်။ အတင်ဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ရွာထဲ သွားသည့်အခါ၌ သင်္ကန်းကို လက်ကန်တော့တင်ရုံသာ တင်သွားသည့်ဂိုဏ်းဖြစ်ပြီး အရုံဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ထဲရွာထဲသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်ဂိုဏ်း ဖြစ်သည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၏ ပဋိပက္ခမှာ နောင်တော်ကြီးမင်းလက်ထက်တွင်လည်း ပြေငြိမ်းမသွားပေ။ တောင်တွင်းဆရာကား အရုံဂိုဏ်းဝင် ဖြစ်သည်။ အရုံဂိုဏ်းတွင် တောင်တွင်းဆရာတော် သာသနာပိုင်ဖြစ်လာသည့်အခါ အရုံဂိုဏ်းဝင်ဆရာတော်များက တောင်တွင်းဆရာတော်အား သာသနာပိုင်အနေဖြင့်အရုံဂိုဏ်းဘက်လိုက်ပြီး အဆုံးအဖြတ်ပေးရန် တောင်းပန်လျှောက်ထားကြသည်။ သို့ရာတွင် တောင်တွင်းဆရာတော်သည် အခြေအနေအရပ်ရပ်ကို ထောက်ထား၍ သာသနာပိုင်၏ တန်ခိုးအာဏာကို အသုံးပြုပြီး တစ်ဖက်သတ်အဆုံးအဖြတ်ပေးရန် မသင့်ဟု ချင့်ချိန်စဉ်းစားလျက် ထိုအရေးကိစ္စကို ပျံလွန်တော်မူသည့်တိုင် ဆိုင်းငံ့ထားခဲ့လေသည်။ တောင်တွင်းဆရာတော်သည် ပိဋကတ်ကျမ်းဂန်၌ သာ ကျွမ်းကျင်သည်မဟုတ်၊ လောကီပညာရပ်တို့၌လည်း နှံ့စပ်တော်မူသည်ဟူသော သတင်းသည် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ခါသော် ဒကာဖြစ်သူ နောင်တော်ကြီးမင်းသည် ဆရာဖြစ်သူ တောင်တွင်းဆရာတော်အား တကယ်မ တစ်လုံးကျေ၊ မကျေ စမ်းသပ်ကြည့်လိုသည့်စိတ် ဖြစ်ပေါ်လာလေသည်။
တနေ့သ၌ နောင်တော်မင်းကြီးက ဆရာတော်သည် သဘင်အတီးအမှုတ်အတတ်ကို နားလည်မည်မထင် ၊ ကျောင်းတွင် ဆိုင်းတီးစေဟုဆို၍ ဆိုင်းသမားများ အမိန့်တော်အရ သွား၍ တီးရသည် ။ ထိုအခါ ဆရာတော်သည် ဆိုင်းသမားများအား ဤအလုံးနှင့် ဤအလုံးကိုပေါင်း ၊ ဤအရာကိုခွဲ ၊ ဤအရာကိုတွဲ ၊ လက်က ဤသို့ထားဟု ခိုင်းစေရာ ဆိုင်းသမားများလည်း သုံးလေးခေါက်ရှိလျှင် တီးတတ်သွား၍ တီးကြရာ မကြုံဖူး မကြားဖူးသော တီးကွက်ကို ရကြသည်ဟုဆိုသည် ။ အဆိုပါ တီးလုံးတီးကွက်ကို မြဝတီမင်းကြီးဦးစ လက်ထက်ကျမှ စာသားသွင်း၍ သီချင်းအမည်တပ်ရာ သမ္မာဒေဝ နတ်သီချင်းဟု ကျော်စောလေသည် ။ တကြိမ်လည်း ဆရာတော်သည် အခြားပညာရပ်များကို တဘက်ကမ်းရောက် တတ်မြောက်သော်လည်း တံငါတို့ ကွန်ပစ်ခြင်းမှာမူ ရဟန်းတို့နှင့် မဆိုင်၍ မတတ်ရာဟု ပြောဆိုလေသည် ။ ဆရာတော်သည် ညဥ့်အခါ ရဟန်းတပါးနှင့် ကပ္ပိယတစ်ယောက်ကိုခေါ်၍ စစ်ကိုင်းမြို့ ထူပါရုံဘုရားအနီးတွင် တံငါသည်တစ်ယောက်ကို ခေါ်၍ ကွန်ပစ်ခိုင်းသည် ၊ ငါးအရေအတွက်ကို မှတ်၍ထားသည် ၊ ထို့နောက် ဆရာတော်က နည်းပြ၍ ကပ္ပိယကိုပစ်ခိုင်းရာ ငါးအရေအတွက် ပိုမိုရရှိလေသည် ။ ထိုရသမျှငါးများကို ရေသို့ ပြန်၍လွှတ်ရသည် ။
တကြိမ်လည်း နောင်တော်မင်းတရားက ဆရာတော်သည် စစ်တုရင်အတတ်ကိုကား တတ်မည်မဟုတ်ဟုဆို၍ စစ်တုရင်အကောင်းဆုံး လူတစ်ယောက်ကိုခေါ်၍ စစ်တုရင်ပစ္စည်းများနှင့်တကွ ကျောင်းသို့လွှတ်၍ ကစားစေသည် ။ ဆရာတော်က အဘယ်အရာနည်းဟု မေးရာ စစ်တုရင်ဖြစ်ကြောင်း ကစားနည်းသဘောကို လျှောက်ထားရသည် ။ ဆရာတော်သည် ထိုလူပြောသမျှကိုမှတ်၍ ဆင်ခြင်စဉ်းစားပြီးလျှင် စစ်တုရင်ခင်း၍ကစားရာ လက်ဦး ၂ ပွဲတွင် သူမသာ - ကိုယ်မသာဖြစ်သည် ။ နောက်ပွဲများတွင် ဆရာတော်ကချည့် ဆက်၍နိုင်သည် ။ ဆရာတော်က စစ်တုရင်အတတ်သည် အတွက်ပညာ ( သင်္ချာ ) ဖြစ်၍ အတွက်ကိုနိုင်လျှင် မရှုံးနိုင် - နိုင်ရမည်ဟု မိန့်ဆိုသည် ။ ထို့နောက် စစ်တုရင် လင်္ကာကို ရေးတော်မူသည် ။ နှောင်းလူတို့ အလွတ်ကျက်မှတ်ထားကြသည် ။ ဆရာတော် နန်းတော်ကြီးသို့ ဝင်တော်မူသောအခါ တောကျေးလက်မှ လူများ သဿမေဓငွေတော်များကို ဆက်သထားကြရာ ဆရာတော်က မည်သည့်ဝတ္ထုမျိုး ဖြစ်သနည်းဟု မေးရာ မင်းဧကရာဇ်က အနာမာသဖြစ်ကြောင်း လျှောက်သည် ။ ပေးစမ်းဟု တောင်း၍ကိုင်ကြည့်ပြီးလျှင် ရုပ္ပတီတံ ရူပံ - ဖောက်ပြန်တတ်သည်ဟု ဆို၏ ။ မင်းဧကရာဇ်က အရှင်ဘုရား ကြံစည်တော်မူနိုင်ပါမည်လားဟု မေးရာ ဖြစ်နိုင်စရာရှိပါ၏ဟု မိန့်တော်မူသည် ။
ကျောင်းသို့ပြန်၍ရောက်လျှင် လိုအပ်သော ပစ္စည်းဝတ္ထုများကို စုဆောင်းထုခွဲ၍ ပြုလုပ်ရာ ဘော် ၅ ပိဿာရရှိလေသည်။ မင်းဧကရာဇ်လည်း ဝမ်းမြောက်၍ နောင်လာနောက်သားများအတွက် လုပ်ရပ်ကျမ်းကို ပြုစုတော်မူပါဟု တောင်းပန်ရာ ဆရာတော်က ကြိုးစားမည်ဟု မိန့်ကြားသွားလေသည် ။ ဆရာတော်သည် ရွှေဖြစ်ငွေဖြစ် လုပ်ရပ်ကျမ်းကို စီရင်တော်မူမည်ဟု ညဥ့်အခါ သင်္ကန်းကို ခေါင်းမြီးခြုံ၍ တွေးတောဆင်ခြင်နေရာ အရှင်ဘုရား အဘယ်အရာများကို ကြံစည်တော်မူနေပါသနည်း ဟူသောမေးသံကိုကြား၍ သင်္ကန်းကိုဖွင့်ပြီး ကြည့်ရာ ကိုယ်ရောင်ကိုယ်ဝါနှင့် လူတစ်ယောက် ခြေရင်းဘက်၌ ရပ်နေသည်ကို တွေ့မြင်ရသည် ။ ဆရာတော်က ငါသည် သတ္တဝါတို့အတွက် ရွှေဖြစ်ငွေဖြစ် အဂ္ဂိရတ်လုပ်ရပ်ကျမ်းကို စီရင်မည်ဟု ကြံစည်နေကြောင်းပြောရာ ထိုသူက အရှင်ဘုရား ၊ သာသနာတော်ကို အဓွန့်ရှည်စွာ ထွန်းလင်းတောက်ပအောင်သာ အားထုတ်တော်မူပါ ၊ သာသနာ၏ ဆူးညှောင့်တံကျင်သဖွယ်ဖြစ်သော နည်းလမ်းများကို ကြံစည်တော်မူရန် မသင့်ကြောင်း လျှောက်သည် ၊ ဆရာတော်က အသင်မည်သူနည်းဟု မေးရာ တပည့်တော် သိကြားမင်းဟုဆို၍ ကွယ်လေ၏ ။ ဆရာတော်သည် မင်းဧကရာဇ်အား ကတိခံဝန်ချက်ပေးပြီးဖြစ်၍ သဘောဉာဏ်ကြီးသူတို့ အသုံးပြုနိုင်စေရန် အဂ္ဂိရတ်လုပ်ရပ်ကျမ်းကို ပြုစု၍ ရွှေနန်းရှင်သို့ ပေးပို့လေသည် ။ ဆရာတော်ရေးသားသည့် စာစုတွင် သဒ္ဒဗျူဟာကျမ်း ၊ စားတော်ချက်ကျမ်း ၊ ၃၇ မင်း နတ်သီချင်းတီးချက် ၊ ပုတ္တောဝါဒဆုံးမစာ ၊ အရသာကျမ်း ၊ ဇမ္ဗူ့ကျက်သရေကျမ်း ၊ မဏိဇောတိရသ်ကျမ်း ၊ စူဠဇောတိရသ်ကျမ်း ၊ ရောဟနကျမ်း ၊ ပဉ္စပွတ်ကျမ်းတို့သည် အချို့စာအုပ်များ၌ မပါရှိချေ ။ တခါသော် စစ်ကိုင်းမြို့ နောက်ချေးကျွန်းရွာက ဆင်းရဲနွမ်းပါးသူ တယောက် ညဥ့်အိပ်ပျော်သည့်အခါ ဝတ်ဖြူစင်ကြယ်ဝတ်သည့် လူကြီးတယောက်က အသုခ - ဟုဆို၍ ခေါင်းကိုပင့်လေ၏ ။ ၂ ကြိမ် ၃ ကြိမ်ရှိလျှင် ထူးဆန်းသဖြင့် အချို့ဆရာတော်များအား လျှောက်ရာ ကောင်းစွာမဖြေနိုင် ၊ ဆရာတော်ခင်ကြီးဖျော်ထံ သွားရောက်ရန် တိုက်တွန်းကြသည် ။ ဆရာတော်ခင်ကြီးဖျော်ထံ ရောက်လျှင် ဆရာတော်က ဆင်ခြင်၍ အ = အဗ္ဗမူလေ - သရက်ပင်ရင်း၌ ၊ သု = သုဝဏ္ဏကုမ္ဘံ - ရွှေအိုးကို ၊ ခ = ခနတိ - တူးလော့ ............. ဟု မိန့်တော်မူသည် ။ ထိုသူလည်း မိမိခြံတွင်း၌ သရက်ပင်ရှာရာ မတွေ့ဘဲရှိလေ၏ ။ မကြာမီ ထင်းဝယ်သူလာ၍ ပုံထားသောထင်းများကို ရောင်းလိုက်ရာ ထင်းပုံအောက်၌ သရက်ပင်ပေါက်ခါစ တပင်ကို တွေ့သည်နှင့် ထိုအပင်အောက်၌ တူးကြည်ရာ အိုးနှင့်တကွ ရွှေမန်းကျည်းတောင့် သုံးပိဿာ ရရှိလေ၏။
ဆရာတော် ခင်ကြီးဖျော်နှင့် ခင်ကြီးပြောင်တို့သည် အမရပူရမြို့ အောင်ကျော်စံထားဆရာတော်ကြီး၏ တပည့်များဖြစ်ရာ ဆရာတော်ကြီးက ခင်ကြီးဖျော်အား သင်ကား အစားကျူးသည် ၊ အသက်မရှည် အသက်တိုမည်ဟုဆိုသည် ။ ခင်ကြီးပြောင်ကိုမူ သင်ကားဒေါသ မာနကြီးသည် ။ သင်လည်း အသက်မရှည် အသက်တိုမည်ဟုဆိုသည် ဆိုသည့်အတိုင်း ၁၉ ဝါတွင် ၂ ပါးလုံးပျံလွန်တော်မူသည်။ ဆရာတော်ခင်ကြီးဖျော်သည် ဝက်သားကို အလွန်ကြိုက်သည် ။ ဆရာတော်ကြီးများက ဆုံးမသည်ကိုပင် မနာယူ ၊ ဝက်သားအစားကျူးသည်ဟု ပြောကြသည် ။ ဆေးကျမ်း ဓာတ်ကျမ်းများကိုပြုစုသည့် ဆရာတော်တပါးအနေနှင့် ထိုစကား ဟုတ်နိုင်မဟုတ်နိုင် စဉ်းစားရပါမည်။ ဆရာတော် နာမကျန်းသောအခါ တပည့်တို့က ဆေးဝါးဖော်စပ်၍ ဆက်ကပ်ကြသည် ။ ဆရာတော်က ညဥ့်လူခြေတိတ်အခါ ဦးပဉ္စင်းတပါးကိုလွှတ်၍ တဘောင်နာစေသည် ။ မြို့တွင်းက ဈေးသည်မတယောက်က သီဘောသုံးဆယ်ဟု ဆိုသံကိုကြားလျှင် ပြန်လာ၍လျှောက်သည် ။ ဆရာတော်က တပည့်မျာအား သင်တို့ဆက်ကပ်သည့်ဆေးကို ငါမစားတော့ပြီ ။ ဘော - အို အချင်းတို့ ၊ သီ - သီလရှိသော ၊ ဆယ် - ငါ အင်္ဂါသားသည် ၊ သုဉ်း - မကြာမီ သေဆုံးတော့အံ့ ဟု နိမိတ်ဖတ်၍ ရက်များမကြာမီ ပျံလွန်တော်မူလေသည် ။
တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် ခဲရာခဲဆစ် လောကီလောကုတ်တရာ စာပေကျမ်းဂန်မျာစွာကို ပြုစုတော်မူခဲ့သည်။ ဆရာတော်ပြုစုရေးသားခဲ့သော စာပေများအနက် အဘိဓမ္မာနှင့် ပတ်သက်၍ ပဋ်ဌာန်းအရကောက်ကျမ်း၊ ယမိုက်၊ ဂဏ္ဍိ၊ မာတိကဂဏ္ဍိ၊ ဓာတုကထာဂဏ္ဍိ၊ ဝီထိလက္ရိုး လက်ခဏာသင်္ဂြိုဟ်ကျမ်း စသော ကျမ်းများကို လည်းကောင်း၊ သဒ္ဒါနှင့် ပတ်သက်၍ ပုဒ်ဆစ်၊ သဒ္ဒါဆစ်၊ သဒ္ဒါကြီး၊ ဂဏ်ဍိပဗ္ဗ၊ သံဝဏ္ဏနာကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စယနသာကအကောက်၊ ဉာသ်ကောက် စသောကျမ်းများကို လည်းကောင်း၊ ဓာတုဒီပနီကျမ်း စသော ကျမ်းများကို လည်းကောင်း၊ ဆေးပညာနှင့် ပတ်သက်၍ မြန်မာ့ဆေးပညာလောက၌ ထင်ရှားကျော်ကြားသည့် နရသုခိ၊ ဆနဝုတိ၊ နရဟလာ စသောကျမ်းများကို လည်းကောင်း၊ ဗေဒင်နက်ခတ်တဗေဒနှင့် ပတ်သက်၍ ဒွါဒသရာသီကျမ်း၊ နေတ်တိဟာရအကောက်၊ ဇော်ကဝိဇ်ဇာကျမ်း (ဒွါဒရာသီအဖွင့်) ၊ ဒွါဒသဓိန်တာနက်ခတ်၊ မဏိဇောတရာသီကျမ်း၊ ဗေဒင်လက်ရိုးဋီကာ စသော ကျမ်းများကို လည်းကောင်း ပြုစုခဲ့လေသည်။ ထို့ပြင် အာဒိကပ္ပကျမ်း၊ ကပ္ပါလက်ရကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန်ဓဆက်ကဝဏ္ဏနာကျမ်း ၊ သုတ္တမာလာ ဝုတ္တိမာလာကျမ်း၊ ဗြဟ္ဓဝစ္စဝါဓကကျမ်း၊ လက်ဝဲနောက်ဂါထာလျှောက်ထုံးကျမ်း၊ ကလျာဏီရွှေကျောင်း မော်ကွန်းဂါထာ စသည်တို့ ဖြစ်သည်။ လက်ဝဲနော်ရထာလျှောက်ထုံးကျမ်းမှာ လက်ဝဲနော်ရထာအမတ်က အရပ်ရပ်သော လောကီ၊ လောကုတ်တရာကျမ်းတို့မှ ခဲရာခဲဆစ်တို့ကို စိစစ်ရှာဖွေ၍ အမေးပုစ်ဆာပြုလုပ်လျှောက်ထားသည့် တောင်တွင်းဆရာတော် ခင်ကြီးဖျော်က ဖြေဆိုရာဟူသမျှကို ရေးမှတ်ထားသော ကျမ်းပင် ဖြစ်သည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၁၂၄ ခုနှစ် သက်တော် (၃၉) ဝါအရွယ်ကောင်းစဉ်၌ပင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ မည်သည့်လတွင် ပျံလွန်တော်မူရှာသည် ဟူ၍ကားအတိအကျ မသိရသော်ငြားလည်း စစ်ကိုင်းမြို့ရှိ ဆရာတော် အရိုးအိုးစေတီကို သက္ကရာဇ် ၁၁၂၄ ခု၊ ပြာသိုလဆုတ် (၉) ရက်( ခရစ် ၁၇၆၃ ခု၊ ဇန်နဝါရီလ ၇ ရက်) သောကြာနေ့တွင် တည်တော်မူသည်ဟု အရိုးအိုးကျောက်စာအရ နတ်တော်လ သို့မဟုတ် ပြာသိုလာဆန်း လောက်တွင် ဖြစ်မည်ဟု ခန့်မှန်းရသည်။ ဆရာတော်၏ ကြွင်းကျန်သော အလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်း အုပ်မိုးစေတော်မူ၍ ရွှေသံလျင်ဖြင့် ဆောင်တော်မူပြီးလျှင် မီးသင်္ဂြိုဟ်တော်မူခဲ့လေသည်။ ထိုနှစ် ပြာသိုလသို့ရောက်သောအခါ၌လည်း ဆရာတော်၏ အသုံးအဆောင်ပရိဘောဂတို့ဖြင့် လည်းကောင်း၊ ဓာတ်တော်တို့ဖြင့် လည်းကောင်း စစ်ကိုင်းမြို့မြောက် မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင် ဆင်များရှင်၏ ရှေ့တွင် မဝေး လမ်းထိပ်မှေး၍ ညွတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည် ဟု အရိုးအိုးစေတီကျောက်စာ၌ ဖော်ပြထားလေသည်။
ဆရာတော်ကြီး၏ အသိပညာ အတတ်ပညာ
တစ်နေ့မှာ သူဌေးမကြီးတစ်ဦးက ဆရာတော်အား
လျှောက်ထားလေသည်။ ဆရာတော်ဘုရား တပြည့်တော်မ ချမ်းသာသမျှ လှူဒါန်းလာတာ ကုန်သလောက်ရှိပါပြီ ။ တပြည့်တော်မ အိမ်ကလည်း အိုနေတော့ နောက်ဆုံးကျန်တဲ့ငွေလေးနဲ့ အိမ် အသစ်ကောင်းကောင်း
ဆောက်ချင်ပါတယ် ဒါကြောင့် အစီအရင် အချိန်အခါနဲ့ တွက်ချက်လုပ်ကိုင်ပေးပါလို့ လျှောက်ထားတယ် ။
ဆရာတော်လည်း အတတ်ပညာတွေနဲ့ စီရင်လုပ်ကိုင်ပေးလိုက်တယ်။ နောက်နေ့ သူဌေးမကြီးလည်း အိမ်ဆောက်ဖို့ ပြင်ဆင်တာပေါ့။ အဲ့ဒီအချိန် သူဌေးမကြီး ရဲ့မိတ်ဆွေ မင်းအတိုင်ပင်ခံ ပုဏ္ဏားတော်ကြီး ကြွလာတယ်။ ပုဏ္ဏားတော်ကြီးလည်း တွက်ချက်လိုက်တော့ ဆရာတော်ပြောတဲ့အတိုင်းလုပ်ရင် ဆောက်ပြီးတာနဲ့ အိမ်မီးလောင်မယ်လို့ ပြောတယ်။ ဒါကြောင့် သူဌေးမကြီးလည်း ဆရာတော်ကြီးဆီ အပြေးပြန်လာပြီး ပုဏ္ဏားကြီးပြောတာကို လျှောက်ထားသတဲ့။ အဲဒီတော့ ဆရာတော်ကြီးက နင်တော်တော်လျှာရှည်တာပဲ ဘာမှမပြောနဲ့ ငါခိုင်းတဲ့အတိုင်းပဲ လုပ်လို့ ပြောဆိုလွှတ်လိုက်တယ်။ သူဌေးမကြီးလည်း ဆရာတော်ကိုကြောက်ရတော့ ပြန်လာပြီး ခိုင်းတဲ့အတိုင်း အိမ်ဆောက်တယ်။ ဒီလိုနဲ့ အိမ်လည်းဆောက်ပြီးသွားတယ်။ ဆောက်ပြီးတော့ တစ်ပတ်မြောက်တဲ့နေ့မှာဘဲ ပုဏ္ဏားတော်ကြီးဟောတဲ့အတိုင်း အိမ်မီးလောင်တာ အကုန်ကုန်ပါလေရော။
သူဌေးမကြီးလည်း ငိုယိုပြီး ဆရာတော်ကြီးဆီ ရန်လာတွေ့တယ်။ ပုဏ္ဏားကြီးပြောတာနားမထောင်ဘဲ ဆရာတော်ပြောတာ ယုံမိလို့ အခုတော့ ရှိတာကုန်ပြီ အိမ်လည်းမီးလောင်သွားပြီ နောက်ထပ်လည်း ထပ်မဆောက်နိုင်တော့ဘူး။ အဲ့ဒါ ဆရာတော်ကြောင့်လို့ ပြောပြီး ငိုလေတယ်။ ဆရာတော်က မီးလောင်ပြီးကုန်သွားတော့ ကောင်းတာပေါ့လို့ အေးအေးဆေးဆေးဘဲ ပြောလိုက်တယ်။ တစ်မောင်းလောက်ကြာတော့ လာ ဒကာမကြီး မီးလောင်တဲ့နေရာသွားကြည့်မယ် အခုလောက်ဆို မီးအကုန်လောင်လို့ ငြိမ်းလောက်ပြီ ။
ဒီလိုနဲ့ မီးလောင်ပြင်လည်းရောက်ရော ဆရာတော်က ဒကာမ အလုပ်သမားတွေကို မီးလောင်သွားတဲ့ အိမ်တိုင်အောက်တည့်တည့်ကို တူးခိုင်းလို့ပြောလိုက်တယ်။ မီးလောင်အိမ်တိုင်အောက်လည်း တူးလိုက်ရော ရွှေငွေ ကျောက်သံပတ္တမြား အပုံလိုက် အပုံလိုက် ထွက်လာလေတော့သည်။
ဒီအကြောင်းအရာကို လေ့လာဆန်းစစ်လိုက်ခြင်းအားဖြင့် ထွက်လာသောအဖြေတွေရှိလာပါတယ်။ ပုဏ္ဏားတော်ကြီး၏ အတတ်ပညာသည် အိမ်ဆောက်လျှင် မီးလောင်မယ်ဆိုတာကို ကြိုတင်၍ သိနိုင်သော အတတ်ပညာရှိခြင်းပါ။ ဆရာတော် ၏ အတတ်ပညာသည် ဤအချိန်အခါတွင် ဘယ်ထောင့် ဘယ်နေရာကနေ ဘယ်လိုအသားနဲ့ တိုင်ထောင် ဘယ်အင်းကို မြုပ် စသည်ဖြင့် ပညာစက်ဆင်ပြီး အိမ်မီးလောင်အောင် ဓါတ်ဆင်နိုင်ခြင်း အတတ်ပါ။ ဤသို့ မီးလောင်လျှင် အနီးနားမြေအောက်မှာရှိသော ရတနာတို့သည်
မီးလောင်အိမ်တိုင်များ အောက်သို့ရောက်ရှိလာအောင်
ပြုလုပ်နိုင်သော အတတ်ပညာ ရှိခြင်းဖြစ်ပါသည်။ ဒါကြောင့် အချို့ ပညာရပ်တွေက သာမန်ပညာတွေလို တွက်၍ မရပါဘူး။ အဆိုးကို အရင်ဖန်တီးပြီးမှ အကောင်းဆုံးဆိုတဲ့ အရာတွေ ရောက်ရှိလာမှာပါ။
ဆရာတော်ကြီး၏ မွေးဇာတာကို ဆရာနျူမန် (မိုးတား) ရေးသားသည့် ဆောင်းပါးတစ်ခုမှ ကောက်ယူဖော်ပြပေးလိုက်ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်စုံ တစ်ယောက်၏ မွေးဇာတာကို လေ့လာမည် ဆိုလျှင် ပထမဦးစွာ ဇာတာရှင် မွေးဖွားသော ရက်၊ ဒုတိယ အနေဖြင့် မွေးဖွားသော အချိန်တို့ကို ဦးစွာ မှန်ကန်ဘို့ လိုပါသည်။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း- ဇာတာရှင် ဆရာတော် ခင်ကြီးဖျော် မွေးဖွားခဲ့သော ကာလသည်- ပထမ ဦးစွာ- သက္ကရာဇ် ၁၀၈၆-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ဖြစ်သည့် အတွက်- ထိုလပြည့်နေ့သည် အမှန်ပင် အင်္ဂါနေ့ ဖြစ်မဖြစ်ကို ဦးစွာ စစ်ဆေးလိုက်ပါသည်။
နေ့ရက် အတွက် ပြန်လည် စစ်ဆေးသော အခါတွင်- အမှန် လပြည့်သော နေ့သည် ခရစ် သက္ကရာဇ် ၁၇၂၄၊ မေလ ၈-ရက်၊ တနင်္လာနေ့ ဖြစ်သော်လည်း- ဝေါဟာရ ပြက္ခဒိန် အရ သတ်မှတ်ထားသော မြန်မာ လပြည့်နေ့သည် အင်္ဂါနေ့တွင် ကျရောက် နေသဖြင့် ဆရာတော် ဖွားမြင် ရာ နေ့သည် သက္ကရာဇ် ၁၀၈၆-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ (ခရစ် သက္ကရာဇ်- ၁၇၂၄-ခုနှစ်၊ မေလ ၉-ရက်၊ အင်္ဂါနေ့) ဖြစ်ပါသည်။
ထို့နောက်တွင်တော့- ထိုနေ့ကာလအတွက် နေထွက်ချိန်၊ နေ၀င်ချိန်တို့ကို လေ့လာကြည့်မိပါသည်။ ဆရာတော် ဖွားမြင်ရာ - မြို့လုလင် မြို့သည် အရှေ့လောင်ဂျီတွဒ် ၉၅း၂၉ နှင့် မြောက်လတ္တီတွဒ် ၂၀း၀၈ တို့တွင် ဖြစ်ပြီး- ထိုစဉ်ကာလ တွင်- စက်နာရီ မပေါ်သေးသဖြင့် ဒေသ စံတော်ချိန် အနေဖြင့်သာ ယူတွက်ပါသည်။ ထိုစဉ်က မြို့လုလင် မြို့ အနီးအနား တ၀ိုက်တွင် နေထွက်ချိန် Sun rise မှာ - ယခုခေတ် ကာလ စက်နာရီ အားဖြင့် ဆိုပါက- နံနက် ၅ နာရီ၊ ၂၇ မိနစ်၊ ၁၉ စက္ကန့် (၅း၂၇း၁၉.၄၄) တွင် ဖြစ်၍- ညနေ ၆ နာရီ၊ ၂၅ မိနစ်၊ ၂၁ စက္ကန့် (၁၈း၂၅း၂၁.၇၉) တွင် နေ၀င်သည်ဟု တွက်ချက် ရရှိပါသည်။ ကဆုန်လ- နွေရာသီ ဖြစ်သဖြင့် နေ့တာ အတန်ငယ် ရှည်ပြီး- နေ့တာ အားဖြင့် ၁၂.၉၇ နာရီ (၁၂ နာရီ နှင့် ၅၈ မိနစ်ကျော် ရှိပြီး၊ ညတာ အားဖြင့် ၁၁.၀၃ (၁၁ နာရီ နှင့် ၂ မိနစ် နီးပါးမျှ) ရှိပါသည်။ အာရုံဦး အချိန် Dawn ဆိုသည်မှာ နေမင်းသည် အရှေ့အရပ် မိုးကုတ် စက်ဝိုင်းသို့ မရောက်ရှိသေးခင်- တနည်းအား ဖြင့် နေမင်းသည် မိုးကုတ် စက်ဝိုင်းအောက် ၁၈ ဒီဂရီ အကွာ အဝေး ဖြစ်ရာ-၁၈ ကိုတည် ၃၆၀ နှင့် စားပြီး ၂၄ ဖြင့် မြှောက်ပါက ၁.၂ နာရီ ဖြစ်သဖြင့် နံနက် ၄း၃၀ ခန့်သည် အာရုံဦး ချိန် ဖြစ်ပါသည်။ ဤနေရာတွင် Twilight ဆိုသော အာရုံတက်ချိန် တနည်းအားဖြင့် နေရောင်ကို စတင် မြင်ရချိန် မှာ နေမင်းသည် အရှေ့ဘက် မိုးကုတ် စက်ဝိုင်းအောက် ၆ ဒီဂရီ အကွာအဝေတွင် ဖြစ်ပေရာ- အချိန်အားဖြင့်- နေမင်း အမှန်တကယ် နေထွက်သည့် အချိန်ထက် ၂၄ မိနစ်ခန့် စောပါသည်။
မှတ်တမ်းများ အရ- အာရုံတက်ချိန် ဟု ဆိုထားသဖြင့် ဆရာတော် မွေးဖွားသော အချိန်ကို နေမထွက်မီ- နာရီဝက်ခန့် ကာလ အာရုဏ်တက် ချိန်- နံနက် ၅း၀၀ ပတ်ဝန်းကျင်ခန့် ဖြစ်ရာ-မိုးတား နည်းစနစ်များနှင့် တိုက်ဆိုင် စစ်ဆေးပြီးနောက်- နံနက် ၄း၅၀ မိနစ် ဖြင့် ယူဆ တွက်ပါသည်။
#လင်းညို့တာရာ
မှီငြမ်း ။ ။
(၁) မြန်မာစာညွန့်ပေါင်းကျမ်း(ဒုတိယတွဲ)
(၂) လက်ဝဲနော်ရထာလျှောက်ထုံး
(၃) ဗိုလ်မှူးဘသောင်း စာဆိုတော်များ အတ္ထုပ္ပတ္တိ
(၄) ပါရဂူ ခင်ကြီးဖျော်နှင့် ဘာသာဗေဒ (ငွေတာရီမဂ္ဂဇင်း)
(၅) လှသမိန် ဂန္တဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်
(၆) မိုးတားဝဘ်ဆိုဒ်တွင် ဖော်ပြထားသော အတုလ ဆရာတော် ခင်ကြီးဖျော် (နျူမန် - မိုးတား) ၏ ဆောင်းပါး

No comments: